Wednesday, 01 February 2017 07:08

အာတိတ်ဒေသတပ်ဖွဲ့အင်အားခိုင်မာရေးအတွက် ရေခဲခွဲသင်္ဘောများကို ရုရှား တည်ဆောက်လျက်ရှိဟုဆို

Written by 
Rate this item
(0 votes)

ရုရှားနိုင်ငံသည် အာတိတ်ဒေသတပ်ဖွဲ့ တစ်ဖွဲ့ကို အခိုင်အမာထူထောင်နိုင်ရန် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောများကို တည်ဆောက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် ပထမဆုံးနှင့်အကြီးဆုံးသော ရေခဲခွဲသင်္ဘော တပ်စုကို ထူထောင်ရန် သမ္မတဗလာဒီမာပူတင် က ညွှန်ကြားထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။



သမိုင်းဘီးတစ်ပတ်လည်တတ်သည့် သဘောတရားအတိုင်း ရုရှားနိုင်ငံသည် စစ်အေးခေတ် အထွတ်အထိပ်ရောက်ချိန် ၁၉၅ဝ ပြည့်လွန်နှစ်များက ကမ္ဘာ့ပထမဆုံးသော နျူကလီးယားရေခဲခွဲသင်္ဘောဖြစ်သည့် 'လီနင်'အမည်ရှိ သင်္ဘောကို ဆိုဗီယက် ပြည်ထောင်စုတည်ဆောက်ခဲ့သည့်နည်းတူ ယနေ့ကာလတွင် နျူကလီးယားစွမ်းအင်သုံးရေခဲခွဲသင်္ဘောများကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။ 'လီနင်'အမည်ရှိ သင်္ဘောကို ယခုအခါ ပြတိုက်တွင် ပြသထားသည်။

အာတိတ်ဒေသကို စိုးမိုးနိုင်ရေးအတွက် ရှေးရိုးစဉ်လာပြိုင်ဘက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် နော်ဝေနိုင်ငံတို့အပြင် နောက်ဆုံးပြိုင်ဘက် ဖြစ်လာသော တရုတ်နိုင်ငံတို့နှင့် ယှဉ်ပြိုင်နိုင်ရန် ရုရှားနိုင်ငံက ကြိုးပမ်းလာသည့် လက္ခဏာများအဖြစ် ရှုမြင်ရသည်။

ရုရှားနိုင်ငံသည် အာတိတ်ဒေသတပ်ဖွဲ့အတွက် ရေခဲခွဲသင်္ဘောအစင်း ၄ဝ ခန့်အထိ အင်အားတိုးချဲ့သွားရန် စီစဉ်ထားပြီး လောလောဆယ်တွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောသုံးစင်းကို တည်ဆောက်နေကြောင်း ဗြိတိန်နိုင်ငံတွင် ထုတ်ဝေသော အင်ဒီပင်းဒင့်သတင်းစာက ရေးသားဖော်ပြသည်။

အာတိတ်ဒေသ၌ ဟိုက်ဒရိုကာဗွန်သိုက်များ တည်ရှိမှုမှာ ဆော်ဒီအာရေဗျနိုင်ငံ၏ဟိုက်ဒရိုကာဗွန်သိုက်များထက် ပိုမိုကြီးမားသည်ဟု ခန့်မှန်းထားသည်။

အာတိတ်ဒေသရှိ ကျွန်းများတွင် တည်ရှိခဲ့ပြီး စွန့်ပစ်ခံထားရသော စစ်စခန်းများ၊ ရေဒါ စခန်းဟောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း သမ္မတပူတင်က ရည်မှန်းထားကြောင်း သတင်းတွင် ဖော်ပြသည်။ 

Credit To >>> The Mirror Daily

 

Read 357 times
You are here:   HomeAll NewsInternational Newsအာတိတ်ဒေသတပ်ဖွဲ့အင်အားခိုင်မာရေးအတွက် ရေခဲခွဲသင်္ဘောများကို ရုရှား တည်ဆောက်လျက်ရှိဟုဆို