Friday, 21 August 2015 09:03

ရေဘေးကယ်ဆယ်ရေးတွင် အသက်ပေးခဲ့သူများအား ဂုဏ်ပြုကြောင်း ကုလပြောကြား

Written by 
Rate this item
(0 votes)

 ရေဘေးကယ်ဆယ်ရေးတွင် အသက်ပေးခဲ့သည့် အဖွဲ့အစည်း အသီးသီးမှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ မြန်မာ ဌာနေညှိနှိုင်းရေးမှူး မစ္စစ် ရီနာတာဒက်ဆဲလီယန်က ပြောကြားသည်။



ကမာရွတ်မြို့နယ်ရှိ ဦးသန့်နေအိမ်တွင် သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်သော လူသားများ အကျိုးအတွက် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့ သူများအား ဂုဏ်ပြုသည့် ကမ္ဘာ့လူသားချင်း စာနာမှုနေ့ အခမ်းအနား၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြက်ခြေနီ စေတနာ့ ဝန်ထမ်းနှစ်ဦးမှာ မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ် ကမ်းပါးပြိုကျ၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။

မြန်မာနိုင်ငံရှိ ကြက်ခြေနီ အဖွဲ့ဝင် အင်အားနှင့် စပ်လျဉ်း၍ “ဝန်ထမ်း အနေနဲ့က ၅၀၀ လောက်ရှိတယ်၊ အသင်းဝင်က သုံးသိန်းရှိပေမယ့် တကယ် တက်တက်ကြွကြွ လုပ်နိုင်တဲ့သူကတော့ ငါးသောင်းလောက်ပဲ ရှိတယ်၊ ဒါက ခေါ်လိုက်ရင် အချိန်မရွေးရှိနေတဲ့ လူတွေကို ပြောတာ” ဟု အသင်း၏ အမှုဆောင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမြသူက ပြောကြားသည်။

သြဂုတ် ၁၇ ရက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၁၇ ဦးရှိပြီး ပြည်သူ ၁ ဒသမ ၅ သန်းကျော်တို့အား နေရာ ရွှေ့ပြောင်းခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေဘေးအတွက် လှူဒါန်းသည့် ပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်းတို့မှ သွားရောက်ပို့ဆောင်စဉ်နှင့် ကယ်ဆယ်ရေး ဆောင်ရွက်စဉ် မတော်တဆဖြစ်ပွား၍ သေဆုံးခဲ့ကြသူများ ရှိသော်လည်း အရေအတွက် ကိုမူ အတည် မပြုနိုင်သေးပေ။

“အခု အခြေအနေကို အရပ်ကယ်ပါ လူဝိုင်းပါဆိုတဲ့ မြန်မာစကားပုံနဲ့ ညွှန်းဆိုနိုင်ပါတယ်၊ အနယ်နယ် အရပ်ရပ်က ပြည်သူတွေဟာလည်း ရေဘေးဒဏ် ခံခဲ့ရသူတွေကို ကူညီပေးနိုင်ခဲ့ပါတယ်” ဟု မစ္စစ် ရီနာတာဒက် ဆဲလီယန်က ဆိုသည်။

၂၀၀၃ ခုနှစ် သြဂုတ် ၁၉ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် ဆာဂျီယိုဗီ အဲရာဒီမယ်လိုနှင့်အဖွဲ့ အီရတ်ရှိ UN ဌာနချုပ်တွင် ဗုံးခွဲတိုက်ခိုက်ခံရ၍ သေဆုံးခဲ့ရခြင်းကို အမှတ်ရသောအားဖြင့် ထိုနေ့ရက်အား ကမ္ဘာ့လူသားချင်းစာနာမှုနေ့ အဖြစ် သတ်မှတ်ခဲ့သည်။

(ကျော်လင်းထွန်း)

Credit to >>> The Voice Weekly

Read 508 times
You are here:   HomeAll NewsLocal Newsရေဘေးကယ်ဆယ်ရေးတွင် အသက်ပေးခဲ့သူများအား ဂုဏ်ပြုကြောင်း ကုလပြောကြား