Friday, 24 April 2015 07:59

တိုင်းပြည်ပညာရေးကောင်းဖို့

Written by 
Rate this item
(0 votes)

ကျောင်းသားဆိုတာ ပညာတတ်အောင်၊ ထူးချွန်အောင်ကြိုးစားပြီး မိမိတတ်တဲ့ပညာနဲ့ တိုင်းပြည်တိုးတက်အောင်လုပ်ရမှာ ကျောင်းသားတာဝန်ဖြစ်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားသင့်ပေမဲ့ နိုင်ငံရေးကစားကွက်မှာ အသုံးချခံတော့ မဖြစ်သင့်ပါဘူး။

 

          အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာဆွေးနွေးကြတဲ့အခါ NLD လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ကျောင်းသားသမဂ္ဂဖွဲ့စည်းပြီး နိုင်ငံရေး Software မှာ ကစားဖို့ ပြောသွား တာ သိရပါတယ်။ ဒါကိုတော့ မိဘများက လက်မခံမှာ သေချာပါတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံရေး စိတ်ဝင်စားသူ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ ပညာရှင် ဘာအလုပ်ပဲ လုပ်လုပ် တိုင်းပြည်တိုးတက် ဖို့ လုပ်နေကြသူချည်းပါပဲ။

          ဆူလွယ် နပ်လွယ် သွေးဆူလွယ်တဲ့ ကျောင်းသားတွေကို နိုင်ငံရေးသမားတွေက ထိုးကျွေးပြီး အသုံးချခဲ့ကြ၊ စတေးခဲ့ကြတာတွေကို ၁၉၈၈ ခုနှစ် အရေးအခင်းကာလက တွေ့ခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ခါလည်း ဒေါက်တာ သိန်းလွင် NNER အမည်တပ်ပြီး NLD လမ်းညွှန်မှုနဲ့ လုပ်နေတာကို ပြည်သူတွေ သိနေကြတာပါ။

          အသိမကြွယ်၊ အရွယ်ငယ်၊ ဆင်ခြင်တုံတရားအားနည်းတဲ့ ကျောင်းသားငယ်တွေကို လမ်းမှန် မပို့ဘဲ နိုင်ငံကိုအံတုဆန့်ကျင်သော၊ အပြုသဘောမဟုတ်တဲ့ အပျက်လမ်းကို တွန်းပို့နေကြတာလည်း ဖြစ်ပါတယ်။ အတိုက်အခံတွေရဲ့ သားသမီးတွေ၊ ပညာရေးမှာလည်း မထူးချွန်သူတွေ၊ စာထဲ စိတ်မဝင် စားဘဲ ကျောင်းမှာ အပျော်အပါးနဲ့ အလေလိုက်နေသူတွေကတော့ ပါဝင်ဖို့ အသင့်ဖြစ်နေကြပြီးတော့ ယခင်က ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဆိုတဲ့ ခေါင်းဆောင်တွေက နိုင်ငံ တည်ထောင်၊ စုစည်း၊ ထိန်းသိမ်းခဲ့လို့ မြေပုံမပျောက်ခဲ့တာကို မစဉ်းစားဘဲ စစ်ခေါင်းဆောင်တွေမို့ သမိုင်းဖျက်ရမယ်ဆိုတဲ့ ပညာရှင်မဟုတ်တဲ့ အလွန်ညံ့သောအတွေးအခေါ်ရှိ ကျောင်းသားများသာ အသုံးချခံဘ၀ကို တွန်းပို့တာ ခံနိုင်ပါလိမ့်မယ်။

          ဖဆပလခေတ် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကတောင် နိုင်ငံရေးမှာ ကျောင်းသားကို အသုံးချတဲ့သူတွေရှိနေလို့ “ ဒီ......သိန်းသန်း ကွန်မြူနစ်တွေဟာ တောင်သူလယ်သမား၊ အလုပ် သမားတွေနဲ့ တိုက်လို့မရတော့ ကျောင်းသားတွေကို အသုံးချလာကြပြန်ပြီ” လို့ ပြောခဲ့ပါ တယ်။

          တပ်မတော်ဆိုတာ ပျူခေတ်ကတည်းက ရှိတယ်ဆိုတာမသိတော့ ကျောင်းသားသမဂ္ဂဆိုတာ တပ်မတော်အရင်ပေါ်ပေါက်တယ်လို့ ပြောချင်ရာပြောပြီး ခေတ်အဆက်ဆက် အနော်ရထာ၊ ဆင်ဖြူ ရှင်၊ အလောင်းဘုရားတို့ တပ်အင်အားတောင့်တင်းမှုနဲ့ နိုင်ငံတည်ဆောက်တာကို ထည့်စဉ်းစားရဖို့ မေ့နေခဲ့တာလား မသိပါဘူး။

          ကျောင်းသားဆိုပြီး အသက် ၃၀ / ၄၀ ကျော် စာမေးပွဲကျသူ၊ ကျောင်းထွက်ထားသူ၊ ကျောင်း ဆက်မနေသူ၊ အတုအယောင်တွေကို ကြိုးကိုင်လှုပ်ရှားမှုမှာ ပြည်သူက မပါဝင်လာတာ၊ ရိုးသားပြီး မသိနားမလည် သွေးဆူလွန်းတဲ့ ကျောင်းသားကို အာဏာရရေးအတွက် တိုင်းပြည်မတည်ငြိမ်အောင် အသုံးချနေတာ ဖြစ်ပါတယ်။

          ကိုလိုနီခေတ် ကျွန်ဘ၀ဖိနှိပ်မှုများတဲ့ခေတ်မှာတောင် မြန်မာလူမျိုး  ပညာတတ်တွေ အများကြီး ပေါ်ထွန်းခဲ့တာကို ဦးသန့် ၊ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတွေနဲ့ သက်သေပြုနိုင်ပါတယ်။ မြန်မာ နိုင်ငံဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း စနစ်ပြောင်းသွားလို့ ဆိုရှယ်လစ်စနစ်ကျင့်သုံြး့ပီး ကမ္ဘာနဲ့ အဆက် အစပ်မရှိနေခဲ့တာ ပညာရေးအပေါ်အကျိုးသက်ရောက်စေခဲ့ပါတယ်။

          နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုကို မသိဘဲ မျက်ချည်ပြတ်ခဲ့ရတဲ့ ပညာရေးစနစ်ရဲ့အားနည်းမှု၊ နိုင်ငံတကာအသိအမှတ်မပြုတဲ့ဘွဲ့နဲ့ နောက်တစ်ဆင့်ပညာရှာဖို့ခက်သလို နိုင်ငံတကာအသိုင်းအ၀ိုင်း ကိုတိုးဝင်ဖို့ ခက်ခဲတာတွေ၊ ဘွဲ့ရအလုပ်လက်မဲ့များခဲ့တာ၊ ပြည်တွင်းမှာ သင့်တော်တဲ့အလုပ်မရှိတာ၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာကြောင့် ပြည်ပမှာ ရရာအလုပ် လုပ်ကြရတာတွေအားလုံးက ဆက်စပ်နေတာပါပဲ။

          ဒါပေမယ့်လည်း သဘာဝသယံဇာတမရှိဘဲ လူ့စွမ်းအား အရင်းအမြစ်နဲ့ နိုင်ငံ တစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နိုင်တယ်ဆိုတာ စင်္ကာပူလိုနိုင်ငံမျိုးကိုလည်း နမူနာယူစရာ ရှိနေပါ တယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်မရတော့ သင်ထားတဲ့ပညာနဲ့မဆိုင်တဲ့ အလုပ် တွေ ၀င်လုပ်ကြရတာတွေကြောင့် ပြည်တွင်းမှာ အသုံးပြုနိုင်တဲ့ အခွင့်အလမ်းနည်းပြီး တိုင်းပြည်မှာ ဆုံးရှုံးခဲ့ရတာကိုလည်း သင်ခန်းစာယူရမှာဖြစ်ပါတယ်။

          သင်ကြားပေးတဲ့ဆရာတွေရဲ့ စာဝတ်နေရေး ပြေလည်အောင် မပံ့ပိုးနိုင်၊ သုတေသန ပြုလုပ်ဖို့ မထောက်ပံ့နိုင်တော့ ပညာရှင်တွေလည်း စာဝတ်နေရေးပူပန်ကြရသလို ၁၉၈၈ နောက်ပိုင်း တက္ကသိုလ်၊ ကောလိပ်တွေကို အဝေးပို့ပြီး အဆောင်မထား၊ ပညာသင်ရတာခက်ခဲလို့ အဝေးသင်ယူ၊ အချိန်တိုအတွင်း ဘွဲ့ရလို့ ဘာသာရပ်မကျွမ်းကျင် ဖြစ်လာကြပါတယ်။ ပညာတတ်ပေမယ့်လည်း စားဝတ်နေရေး အာမခံချက်မရှိလို့ ပညာနဲ့ အသက်မွေးဖို့ရာ ကြိုးစားချင်စိတ်မရှိ စိတ်ဝင်စားမှု နည်းပါးလာကြပါတယ်။

          ဒါကြောင့် လွှတ်တော်မှာ နှစ်ဖက်အငြင်းပွားပြီး ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းရမလဲ နိုင်ငံတကာ ဘယ်လိုကျင့်သုံးသလဲ စသဖြင့် ပညာရှင်များ ပါဝင်သူများရဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေး ချက်တွေ ၊ မတူတဲ့ အမြင်တွေကိုလည်း လက်ခံနိုင်ဖို့ ကြိုးစားကြရပါမယ်။

          လက်ပံတန်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်အရ ကျောင်းသား၊ အစိုးရ၊ ပြည်သူအကြားမှာရှိနေတဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ကြိုးစားရမှာဖြစ်သလို ကိုယ်သင်ချင်တဲ့ ပညာသင်နိုင်ဖို့ အတွေးအခေါ် တီထွင်မှုတွေ ဦးစားပေးဆောင်ရွက်နိုင်ဖို့ရာ ပူးပေါင်းဆောင်ရွက်နေကြတဲ့ နည်းလမ်း နဲ့ နှစ်ဦးနှစ်ဖက် အောင်မြင်တဲ့နည်းလမ်းကို ရွေးချယ်ပြီး ပညာတတ်များ ဦးစားပေးတဲ့ နိုင်ငံဖြစ်အောင် ထူထောင်သွားရမှာ ဖြစ်ပါတယ်။

Read 1047 times
You are here:   HomeArticlesတိုင်းပြည်ပညာရေးကောင်းဖို့