Monday, 06 July 2015 09:39

ငြိမ်းချမ်းရေးဆွေးနွေးပွဲအလားအလာ

Written by 
Rate this item
(0 votes)

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေး ဆွေးနွေးမှုများ ဖြေရှင်းရာတွင် ကျင့်သုံးသောမူများအရ ဆောင်ရွက်လေ့ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသော မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံတကာစံနှုန်းအတိုင်း ညှိနှိုင်းဆွေးနွေးလျှက်ရှိပါတယ်။

 

          ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက် ကိုင်ထိပ်သီးအစည်းအဝေးက ပြင်ဆင်ချက် (၁၅) ချက်နဲ့ ထပ်မံညှိနှိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုတည်းသာရှိရမယ်ဆိုတဲ့မူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေနဲ့ လက်ခံမှုရှိသော်လည်း လက်ရှိတပ်မတော်အနေအထားနဲ့ နှစ်ပေါင်း၆၀ကျော်အတွေ့အကြုံများအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းရမယ့်အခြေအနေမျိုးမဖြစ်သင့်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ DDR ကိုလက်ခံရန် တိုက်တွန်းပြောကြားထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနေနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍမှာ လက်နက်ဖြုတ်သိမ်းရေး Disarmament ၊ စစ်မှုထမ်းအဖြစ်မှနှုတ်ထွက်ခွင့်ပြုခြင်း Demobilization ၊ အရပ်သားများအဖြစ် ပြန်လည်ပေါင်းစည်းရေး Reintegration ဆိုတဲ့ လုပ်ငန်းစဉ်များအရ လက်ခံဖို့ရန် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။

ပြည်နယ်လုံခြုံရေးတပ်သဘောမျိုးထားပြီး တစ်နိုင်ငံလုံးရဲ့ တပ်ဦးဆောင်မှုအောက်မှာနေမယ်၊ တပ်တွေ ခွဲထားခြင်းက အာဏာသိမ်းပုံစံမျိုးမဖြစ်အောင် အကာအကွယ်ပေးပြီးသားဖြစ်မယ်၊ နှစ်ဖက်လုံးအာမခံချက်ရှိဖို့ လိုပြီး သူ့လွတ်လပ်ခွင့်နဲ့ သူ့အနေအထားမှာရှိရမယ်၊ ချုပ်ကိုင်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူးလို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဘက်မှ ပြောဆိုပါတယ်။

တပ်မတော်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဥပဒေနဲ့အညီ သွားရမယ်ဆိုတဲ့ စိတ်ဓာတ်၊ စည်းကမ်းကိုလိုက်နာရမယ်ဆိုတဲ့ စိတ်ဓာတ်၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိတဲ့စိတ်ဓာတ်ရှိဖို့ လိုတဲ့ အတွက် ပါတီစုံဒီမိုကရေစီစနစ်ကိုသွားရာမှာ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို တရားဥပဒေနဲ့အညီသာ ပေါင်းစည်းရေးကို လုပ်ဆောင်သွားဖို့ ခံယူချက်ရှိရန်လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

နှစ်ဘက်ကြားညှိနှိုင်းရန် လိုအပ်ချက်များအတွက် ဇူလိုင် ၃ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ သွားရောက်တွေ့ဆုံကြမှာဖြစ်ပြီး ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်မှုကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ မတ်လကုန်က NCA ခေါ် အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့သလို လော်ခီးလာညီလာခံက ဆုံးဖြတ်ချက်တွေကို ဇွန်လ ၂၂ ရက်နေ့က UPWC နဲ့ ရန်ကုန်မှာတွေ့ဆုံပြီး အလွတ်သဘော ရှင်းပြခဲ့ပါတယ်။

          ၂၀၁၁ ခုနှစ်ကုန်ပိုင်းကစပြီး လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ၂၀၁၃ ခုနှစ် နိုဝင်ဘာလက စပြီး ပြည်ပမှာ အလွတ်သဘော ၂၂ ကြိမ်နဲ့ တရားဝင် ၇ ကြိမ် တွေ့ဆုံပြီးမှ နောက်ဆုံးမူကြမ်းကို သဘောတူ ညီချက် ရရှိခဲ့တာပါ။

          နှစ်ဖက်လုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုအပေါ်မူတည်ပြီး အသီးအပွင့်ခံစားရမှာဖြစ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအလားအလာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

(မောင်ငြိမ်းချမ်း)

Read 1023 times
You are here:   HomeArticlesငြိမ်းချမ်းရေးဆွေးနွေးပွဲအလားအလာ