Thursday, 09 July 2015 08:39

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးခြေလှမ်းသစ်များ

Written by 
Rate this item
(0 votes)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ စတုတ္ထအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ငါးလလောက်လိုတဲ့အချိန်မှာ အင်အားကြီးပါတီနှစ်ရပ်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်လှုပ်ရှားမှုများရှိနေပြီ ဖြစ်ပါတယ်။

 

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သမ္မတလောင်းရွေးခွင့် ရ/မရ က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်မူတည်ပြီး အဖြေထုတ်နိုင်တာမို့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကိစ္စများအပြင် ၈၈မျိုးဆက် ငြိမ်း/ပွင့်နှင့်လည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားတာရှိနေပါတယ်။

          လက်ရှိအစိုးရအဖွဲ့ရဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် သမ္မတလောင်းစာရင်းလျာထားမှုကို အတိအလင်းမကြေငြာသေးဘဲ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်သာ ဦးတည်ဆွေးနွေးလျှက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံအရ သမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲဝင်ခြင်း ရှိ /မရှိ နဲ့  ဝင်လိုပါက ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပါတီတွင်းဆွေးနွေးမှုများအရ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သူရ ဦးရွှေမန်းကို ဦးဆောင်သူအဖြစ် ရွေးချယ်ထားတာလို့ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိသူလို့ သုံးသပ်နိုင်ပါတယ်။

          ဒါကလည်း ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းကို အမေရိကန်အစိုးရက ပိတ်ဆို့မှုလုပ်ပြီးတဲ့ နောက်ပိုင်း ပါတီထိပ်ပိုင်းခေါင်းဆောင်များအတွင်း ထောက်ခံသူမြင့်တက်လာတာလို့ ဆိုနိုင်ပါတယ်။ အရေးပါတဲ့နေရာကို ယူထားတဲ့ သူရ ဦးရွှေမန်း က ရွှေးကောက်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်း ရွေးကောက်ပွဲကို အာရုံစိုက်ပြီးလုပ်ဆောင်သွားမှာဖြစ်ပြီးတော့ ပါတီဥက္ကဋ္ဌအနေနဲ့ သမ္မတဖြစ်နိုင်ခြေများတဲ့သဘော ဖြစ်နေပါတယ်။

          ပါတီသဘောတရားအရ သဘောထားမတိုက်ဆိုင်သူများလည်း ရှိနိုင်တဲ့အတွက် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအကြား အမြင်မတူမှုများလည်းရှိနေတာ ဖြစ်ပါတယ်။ ဒါ့ပြင် သမ္မတဦးသိန်းစိန်က ပါတီတာဝန်ယူပြီး  သူရ ဦးရွှေမန်း က အောင်နိုင်ရေးတာဝန်ယူလိုက်တယ်လို့ ဝေဖန်သူများလည်း ရှိနေပါတယ်။

          သမ္မတ ဦးသိန်းစိန်နဲ့ ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြား သဘောထားကွဲလွဲမှုများရှိနေကြောင်း သတင်းများပေါ်ထွက်နေခဲ့တာ၊ ပါတီတွင်း မကြေလည်မှုများလည်း ရှိနိုင်ပေမဲ့ ပါတီတွင်း နှစ်ခြမ်းကွဲတဲ့အဆင့်ကို မရောက်နိုင်ဘူးလို့လည်း ယူဆနေကြပါတယ်။

          ပထမအကြိမ် ပါတီညီလာခံကို သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့လို့ ဥပဒေချိုးဖောက်ခဲ့တယ်လို့ ဝေဖန်ခံရပြီးတဲ့ နောက်ပိုင်းမှာ ညီလာခံတက်ရောက်ခြင်းမပြုတော့ဘဲ ပါတီအောင်နိုင်ရေးကိစ္စကိုသာ အဓိကထားကြိုးစားသွားမယ့် သဘောလည်း ဖြစ်ပါတယ်။

          ပါတီထိပ်ပိုင်းခေါင်းဆောင်များကြား လွန်ဆွဲအားပြိုင်မှု ရှိ/မရှိ၊ ပါတီကွဲထွက်ခြင်း ရှိ/မရှိကို စောင့်စားကြည့်ရှု  သူများရှိနေပေမဲ့ ၂၀၁၆ ခုနှစ် လွှတ်တော်ပြန်စချိန်အထိ သမ္မတနေရာနဲ့ပတ်သက်ပြီး အဆိုတင်သွင်းမှုပြောရန် စောနေ သေးတဲ့အတွက် ထိပ်တန်းလျှို့ဝှက်ထားနိုင်တဲ့ အနေအထားရှိနေကြောင်း ခန့်မှန်းရပါတယ်။

          ပြည်နယ်နဲ့ တိုင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းစာရင်း ထွက်ရှိလာချိန်ကို စောင့်မျှော်ပြီး ရွေးကောက်ပွဲရဲ့ အလားအလာများကိုလည်း ပါတီရဲ့ဗဟိုကော်မတီဝင်များအပါအ၀င် နိုင်ငံရေးလေ့လာသူများရဲ့ သုံးသပ်မှုများလည်း ကြားသိနေရပြီ ဖြစ်ပါတယ်။

( ရန်နိုင် )

Read 917 times Last modified on Thursday, 09 July 2015 09:03
You are here:   HomeArticles၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးခြေလှမ်းသစ်များ