Tuesday, 14 February 2017 03:50

မြန်မာနဲ့ နယ်ပယ်၅ရပ်မှာ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ ထိုင်းဘက်က ပိုမိုအားထုတ်ကြိုးပမ်းလာ

Written by 
Rate this item
(0 votes)
ထိုင်း စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အိမ်နီးချင်း မြန်မာနဲ့အကြား အဓိကနယ်ပယ်ငါးရပ်ဖြစ်တဲ့ စိုက်ပျိုးရေး၊ နယ်စပ်ကုန်သွယ်မှု၊ စွမ်းအင်၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်း တို့မှာတိုးမြင့်ပူးပေါင်းဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
 
ထိုင်း-မြန်မာ စီးပွားရေးကောင်စီ ရဲ့ ပထမဆုံးသော အစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ပြီးအထက်ပါလုပ်ငန်းကဏ္ဍငါးခုနဲ့ပတ်သက်လို့ အလေးထားဆွေးနွေးခဲ့ကြသလို တွေ့ကြုံလာရမယ့် အခက်အခဲတွေကို ဘယ်လိုမျိုး ကျော်ဖြတ်ရမလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်ဆိုပြီး ယင်းကောင်စီဥက္ကဌ Panitarn Pavarolavidya က ပြောပါတယ်။
 
ယင်းအစည်းအဝေးမှာ ဆွေးနွေးသွားတဲ့အကြောင်းတစ်ခုအနေနဲ့ အတက်အကျမြန်နေတဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်းပိုင်းကိုကြီးကြပ်ဖို့ ဗဟိုအဖွဲ့တစ်ခု မြန်မာတာဝန်ရှိသူတွေဘက်ကထူထောင်ဖို့အတွက် ထိုင်းလုပ်ငန်းရှင်တွေဘက်က အဆိုပြုခဲ့တယ်လို့ ၎င်းက ပြောသွားပါတယ်။
 
အလားတူ မြန်မာနိုင်ငံမှာ ဆိပ်ကမ်းနဲ့ မီးရထား လုပ်ငန်းပိုင်းမှာဆိုရင်လည်း ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်ရေးပိုင်းအတွက်ပိုမိုထောက်ကူဖြည့်ဆည်းပေးနိုင်ဖို့လိုနေသလို သွင်းကုန်၊ထုတ်ကုန်ပိုင်းအတွက် တိုးမြင့်ပေးနိုင်ဖို့လိုတယ်လို့လည်း၎င်းက ပြောပါတယ်။ ဒီလုပ်ငန်းပိုင်းတွေမှာ အဆင်ပြေစေဖို့အတွက်လက်ရှိ ထောက်ပံ့ပို့ဆောင်ရေးဥပဒေတွေကို ပြင်ဆင်ဖို့၊နယ်စပ်ကုန်သွယ်ရေးကို ပိုမိုအဆင်ပြေစေမယ့် one-stop ၀န်ဆောင်မှုတွေ လုပ်ဆောင်ဖို့တွေကို အကြံပြုသွားပါတယ်။
 
အလားတူ နယ်စပ်ကုန်သွယ်မှုကို တွန်းအားပေးဖို့အတွက်အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ စင်ကာပူဒေါ်လာတို့လိုပဲ ထိုင်းဘတ်ငွေကြေးကိုလည်း နယ်စပ်ကုန်သွယ်မှုမှာ အသုံးပြုဖို့ ထိုင်းဘက်က မြန်မာဘက်ကို အဆိုပြုသွားတယ်လို့လည်း သိရပါတယ်။
 
တစ်ချိန်တည်းမှာပဲ နယ်စပ်ဂိတ်တွေကနေတဆင့် ၀င်ထွက်နေတဲ့ထိုင်းခရီးသွားတွေအတွက် ဗီဇာလိုအပ်ချက်တွေ ပယ်ဖက်ပေးဖို့လည်း ထိုင်းလုပ်ငန်းရှင်တွေက အဆိုပြုသွားတယ်လို့လည်း Panitarn Pavarolavidya က ပြောပါတယ်။
Credit To >>> SFJ Strategy First Journal
Read 431 times