Tuesday, 07 April 2015 08:47

သူငယ်ချင်းကောင်း

Written by 
Rate this item
(0 votes)

“ အမယ်လေး......ကယ်ကြပါအုံး.....ဒီအကောင်ကြီးကို လာဖယ်ပစ်စမ်းပါ ” ဟု စူးစူးဝါးဝါးအော်လိုက် သောအသံသည် ပျင်းရိဖွယ်ကောင်းလှသည့် နေ့လယ်ခင်းကို ဖောက်ထွင်း၍ ပေါ်ထွက်လာသည်။

 

          ကျွန်မသည် နေ့လယ် တစ်ရေးတစ်မော အိပ်စက်နေရာမှ ဒယီးဒယိုင်ထလာမိသည်။ မောနီကာမှာ ခုတင်ပေါ်တက်၍ မတ်တပ်ရပ်နေသည်။ သူမ၏ လက်မောင်းတစ်ဖက်ကို ကိုင်မထားသည်ကို တွေ့ရသည်။ သူမမျက်နှာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် နီရဲနေသည်။ ပြူတင်းပေါက်ခန်းဆီးကို လက်ညှိုးညွှန်ပြလျက်         “ ဟိုအကောင်ကြီး ငါ့လက်ပေါ်ကျလာတယ် xxx ယူပစ်လိုက်စမ်းပါ ”ဟု ပြောနေသည်။

          ပင့်ကူနက်ကြီးတစ်ကောင်ကို တွေ့ရသည်။ “ စိတ်မပူပါနဲ့ အဆိပ်မရှိပါဘူး.......မင်ဂလန်(မ်)ဘူး (Menglembu) မှာရှိတဲ့ ငါတို့အဖွားအိမ်မှာ ဒီလိုပင့်ကူတွေ အများကြီးပဲ ” ဟု နှစ်သိမ့်ရင်း တံမြက်စည်းဖြင့် ရိုက်ချလိုက်သည်။

          “ ဟုတ်ပါရဲ့...ကြီးလိုက်တဲ့ပင့်ကူကြီးပဲ...သူတို့က မိသားစုနဲ့နေတာလေ.. အကြီးကြီးတစ်ကောင် ရှိရဦးမယ်...အကောင်သေးသေးလေးတွေလဲ ရှိချင်ရှိအုံးမှာ” ဟုပြောရင်း ကြမ်းပြင်ပေါ်တွင် ရှာသလိုလိုနှင့် မော်နီကာကို လှမ်းကြည့်လိုက်သည်။

          “ အမယ်လေး...ဒုက္ခပါပဲ ” ဟု မျက်လုံးဝိုင်းဝိုင်းလည်အောင်အော်လိုက်သံကို ကြားလိုက်သည်နှင့် သူမတော့ကြောက်ပြီး အိပ်မပျော်သောညများနှင့် ရင်ဆိုင်ရတော့မည်ဟု ခန့်မှန်းနိုင်ပါသည်။

          နောက်တစ်ကြိမ်တွင်လည်း “ နင့်ပုစွန်ခြောက်တွေကို ပုရွက်ဆိတ်တွေ တွေ့သွားပြီ” ဟု မီးဖိုထဲမှာ ကျွန်မကို လှမ်းဆူနေသည်။ “ ပန်းကန်ကို  ဇလုံတစ်ခုခုနဲ့ အုပ်ထားလိုက်လေ.... ပြီးတော့မှ ခေါက်ဆွဲကြော်ထဲ မှာ ထည့်ကြော်မယ်” ဟုကျွန်မက စာအုပ်အဖတ်မပျက် ပြောလိုက်သည်။ ခဏကြာသောအခါ ဆူညံသံတွေနှင့် အတူ “ နင့်အကောင်တွေ အများကြီးဖြစ်လာပြီ... ပုစွန်ခြောက်တွေကုန်ပြီ”ဟု ကုန်းအော်နေသဖြင့် ပြေး၍ ကြည့်ရာ ကုလားထိုင်များကိုရွေ့ပြီး ပုရွက်ဆိတ်အတန်းကြီးကို ဆေးလိုက်ဖျန်းနေသည်ကို ရယ်ချင်သွားမိ သည်။

          “ဒီလောက်သေးငယ်တဲ့အကောင်လေးတွေကို ကြီးကျယ်တဲ့လက်နက်နဲ့တိုက်ဖျက်စရာလိုလို့လား” ဟု ပြောရင်း လက်သုတ်ပုဝါကို ရေဆွတ်လိုက်ပြီး ပုရွက်ဆိတ်အတန်းကြီးကို ဆွဲယူသုတ်ပစ်လိုက်သည်။ ....ပုရွက် ဆိတ်များလက်သုတ်ပုဝါတွင်ကပ်ပါလာသည်ကိုကြည့်ပြီး ကျွန်မကို အထင်ကြီးစွာနှင့် “တယ်တော်တဲ့ မလေး ရှားသူပါလား” ဟု ချီးကျုးလိုက်သည်။

          တစ်ညမှာလည်း “ ငါ့ကိုကယ်ပါဦး...ဒီမှာအကောင်ကြီးရောက်နေတယ် ” ဆို၍ အိမ်သာထဲသို့ လှမ်းအော်လိုက်ရာ မောနီကာအား အိမ်သာအိုးပေါ်မှာ တက်၍ ရပ်နေသည်ကို တွေ့ရသည်။

          “ ပိုးဟပ်ပါ..ဟယ် ” ဟု ပြောရင်း အိမ်သာဆေးသောတုတ်တံနှင့် ရိုက်လိုက်ရာ ပိုးဟပ်ခမျာ ပြားချပ် သွားပါသည်။ နှုတ်ခမ်းမွှေးမှ တန်းလန်းဆွဲလိုက်ကာ “ပိုးဟပ်က ဆေးဖက်ဝင်တယ်... ဒုတိယကမ္ဘာစစ်တုံးက ဆေးရှားတော့ ငါတို့အဖွားက ပရဆေးနဲ့ရောကျိုပြီး ဖျားနေတဲ့ အဖိုးကိုတိုက်တာ တွေ့ဖူးတယ်” ဟုပြောရင်း သူ့မျက်နှာရှေ့မှာ ပိုးဟပ်သေကို လှုပ်ပြသောအခါ သူမက အန်ချင်လှ၍ ပျို့တက်နေပါသည်။

          မောနီကာက ဆွီဒင်သူဖြစ်သည်။ သီရိလကာင်္နိုင်ငံ ကိုလံဘိုမြို့သို့ အနောက်ဥရောပမှ ပထမအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ အတူတူတာဝန်ကျပြီးနောက် ကျွန်မတို့နှစ်ယောက် တစ်အိမ်ထဲ နေကြပါသည်။

          အမျိုးသားမိတ်ဆွေများက “အင်း..အမျိုးသမီးတွေကို တစ်အိမ်ထဲမှာစုထားရင်တော့ ငြိမ်းချမ်းရေးရမယ် မထင်ဘူးဟေ့ ” ဟုနောက်ပြောင်ကြသည်။ သူတို့အယူအဆမမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ မော်နီကာက ကျွန်မပုစွန်ငပိချက်ခိုင်းတိုင်း ကျွန်မကိုအမြင်ကပ်သော်လည်း ကျွန်မတို့နှစ်ဦး မိတ်ဆွေကောင်း ဖြစ်ခဲ့ကြပါသည်။ ပြည်တွင်းမငြိမ်သက်သည့်ကြားထဲက တစ်ဦးနှင့်တစ်ဦး အသက်ရှင်သန်ရေးတွင် လည်းကောင်း၊ စိတ်ဓါတ်မြှင့်တင်ရေးတွင်လည်းကောင်း အားကိုးခဲ့ကြသည်။ တစ်ဦး၏အကျဉ်းအကြပ်ကို တစ်ဦးက ကယ်တင်ခဲ့ကြသည်။

          သို့သော်လည်း ကျွန်မက သူမကို ပိုးမွှားတိရစ္ဆာန်များ၏ဘေးမှ အကြိမ်ကြိမ်ကယ်တင်ခဲ့ရခြင်းတို့သည် သူမက ကျွန်မကို အသက်အန္တရာယ်ဘေးမှ သတ္တိပြောင်မြောက်စွာ ကယ်တင်ခြင်းများက ဖုံးလွှမ်းခဲ့ရသည်။     A Friend in Need is a A Friend indeed” ဆိုသော “ အရေးကြုံသောအခါ ကူညီသော မိတ်ဆွေမှသာ မိတ်ဆွေစစ်ဖြစ်သည် ” ဟူသော စကားပုံသည် အဓိပ္ပါယ်ရှိရှိနှင့် မှန်ကန်လှကြောင်းကို မော်နီကာနှင့်  တွေ့သောအခါမှ သိရှိလာရသည်။

          ကျွန်မ၏ အသက်လုံခြုံရေးကို သူမက ဂရုပြုစောင့်ရှောက်ခြင်းသည် သူမအဖို့ ဒဏ်ရာရလာသော ငှက်ကလေးကို ကောက်ယူပြီး အသက်ရှင်စေရန် ပြုစုပေးရသကဲ့သို့ သဘောထားတတ်သည်။ သူမ၏ အသက်ကို မငဲ့ကွက်ဘဲ အန္တရယ်ကြားမှ ကျွန်မကို ကယ်တင်ခဲ့ရသည်မှာ အကြိမ်ကြိမ်ဖြစ်ပါသည်။

          တစ်ညသောအခါမှာ ကျွန်မရေကူးနေသော ရေကူးကန်သို့ အပြေးရောက်လာပြီး “မြန်မြန် ပြန်ကြမယ်.. မြို့ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတယ် မကြာခင် အပြင်မထွက်ရအမိန့် ထုတ်လိမ့်မယ်...နင် တစ်ယောက်တည်း ဒီမှာသောင်တင်နေလိမ့်မယ် ” ဟု ပြောနေသဖြင့် ရေကူးအင်္ကျီအပေါ်မှ တီရှပ်နှင့် ဘောင်းဘီကိုဝတ်ပြီး အပြေးလိုက်သွားရသည်။

          မှောင်နှင့်မည်းမည်းမြို့ထဲမှ ဖြတ်၍ အမြန်ပြန်ခဲ့ကြသည်။ ရဲကင်းများ၏ အစစ်ဆေးအမေးမြန်းများကို ခံခဲ့ကြရသည်။ ကျွန်မတို့ကြောက်လိုက်သည်မှာ ပြောမပြတတ်လောက်အောင်ပါပဲ။ ပေါက်ကွဲမှုများ ဖြစ်ပြီးပြီး ချင်း ကျွန်မကိုလာခေါ်ရာလမ်းတစ်လျှောက်တွင် မော်နီကာတစ်ဦးတည်း မည်ကဲ့သို့သော အခက်အခဲများကို ကျော်ဖြတ်ခဲ့ရမည်ကို ခန့်မှန်းမိပါသည်။

          တနင်္ဂနွေတစ်နေ့တွင် ကျွန်မတို့မကျွမ်းကျင်လှသော ရပ်ကွက်တစ်ခုသို့ ရေသန့်စက် သွားဝယ်ကြ သည်။ မကြာခင် သေနတ်သံများကြားရပြီး လူတွေက ပြေးကြလွှားကြ၊ ကားတွေက ဆူညံစွာဟွန်းတီးပြီး ကျော် တက်ကြနှင့် ရှုပ်ထွေးသွားပါသည်။ ကျွန်မကြောင်နေဆဲမှာပင် ကျွန်မလက်မောင်းကို မော်နီကာက ဆွဲပြီး လမ်းဘေးသို့ တွန်းပို့လိုက်ပါသည်။ ထိုခဏမှာပင် ကျွန်မတို့ရပ်နေကြသော လမ်းပေါ်မှာ ကားနှစ်စင်းရင်ဆိုင် တိုက်မိကြသည်။ လော်လီကားတစ်စင်းက ကျွန်မတို့ဆီသို့ ဦးတည်မောင်းနှင်လာနေသည်။ မော်နီကာက ကျွန်မကို အားဖြင့် ပလက်ဖောင်းပေါ်သို့ တွန်းထည့်လိုက်ပါသည်။ ကားကြီးနှင့် သီသီလေးလွတ်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအဖြစ်တို့က ဖြစ်ပျက်သွားခဲ့သည်။ ကျွန်မ ပလက်ဖောင်းပေါ်သို့ လဲကျသွားပြီး ရင်တွေ တဆတ်ဆတ်ခုန်နေသည်။

          “ ဒီနေရာက အမြန်သွားမှဖြစ်မယ် ” ဟု သူမက ထူပေးပြီးပြောရင်း ပြေးကြရာ ကျွန်မ၏ဖိနပ်တစ်ဖက် ပျောက်နေသည်ကို သတိပြုမိသည်။ လမ်းပေါ်မှာ မှန်ကွဲတွေနှင့် ပြည့်နေသဖြင့် လမ်းလျှောက်၍မရပါ။ လမ်းမ အလယ်မှ ဖိနပ်ကလေးကိုလှမ်းမြင်လိုက်၍ ကားတွေဥဒေဟိုကြားမှ သွားကောက်ရန်ကြိုးစားနေပါသည်။ ဖိနပ်ကလေးရလာပြီးနောက် ကျွန်မတို့ ခြေဦးတည့်ရာ ပြေးကြရသည်။ ဖိနပ်ကပြားနေ၍ မော်နီကာက ကျွန်မကို တွဲခေါ်လာသည်။

          ဘေးလွတ်ရာသို့ရောက်သောအခါ ကျွန်မမှာ တုန်ရီနေပြီး မော်နီကာ၏ ပါးစပ်မှာ ကွဲရှသောဒဏ်ရာကို တွေ့ရသည်။

          ယခုအခါ မော်နီကာမှာ ချက်နိုင်ငံ၊ ပရပ်(ဂ်)မြို့တွင် အလုပ်တာဝန်ထမ်းဆောင်နေပါသည်။ ကျွန်မတို့ အဆက်အသွယ်မပြတ်ကြပါ။ သို့သော် ကျွန်မကြောင့် ပင့်ကူတွေကို ကြောက်ရွံ့ပြီး အိပ်မက်ဆိုးများ မက်ခဲ့ပုံ၊ သူမရွံရှာသော ပိုးဟပ်သေကို သူမမျက်နှာအနားမှာ ကပ်ပြခဲ့ပုံများကို ပြန်စဉ်းစားကြည့်လျှင် ကျွန်မကို ခွင့်လွှတ်ပါမည်လား မသိပါ။

( Chong Sheau Ching ၏ “Bravery is Perspective” ကိုပြန်ဆိုပါသည်။)

Read 4005 times