Wednesday, 08 April 2015 04:28

နိုင်ရာစား

Written by 
Rate this item
(0 votes)

ဟိုတစ်နေ့က ကျွန်တော်သည် “ယူလီယက်ဗာဆီလီယက်ဗနာ ” ကို စာကြည့်ခန်းထဲသို့ခေါ်လိုက်သည်။ ယူလီယာသည် ကျွန်တော့်သားသမီးကလေးများ၏ ဆရာမဖြစ်သည်။

ကလေးများကို ထိန်းကျောင်းသွန်သင် ရသူလည်းဖြစ်သည်။ သူမကို စာကြည့်ခန်းထဲသို့ ခေါ်လိုက်ရသည်မှာ အခြားကြောင့်မဟုတ်ပေ။ သူမနှင့် ကျွန်တော် ငွေစာရင်း ရှင်းစရာရှိသောကြောင့် ဖြစ်သည်။ ကျွန်တော်က သူမ၏ လုပ်အားခငွေများကို ရှင်းပေးစရာ ရှိနေသည်။

          “ ကိုင်း ….. ဆရာမ ….. ထိုင်စမ်းပါအုံး …… ခင်ဗျားနဲ့ ကျွန်တော် ငွေစာရင်းကလေး ဘာလေး ရှင်းကြ လင်းကြရအောင် ….. ခင်ဗျားရစရာရှိတဲ့ငွေကို ကျုပ်ရှင်းပေးမယ် ဟုတ်လား ….. ခင်ဗျားကငွေလိုနေတယ် ဆိုတာ ကျုပ်အကဲခတ်မိပါတယ် ….. ဒါပေမယ့် ဆရာမက တယ်ပြီး စည်းကမ်းကြီးပေသကိုး …… ဟဲဟဲ …… ပေးရမယ့်လူက တာဝန်သိသိနဲ့ မပေးမချင်း ခင်ဗျားကဖြင့် စကားစမှာ တောင်းမှာမဟုတ်ပေဘူးပေါ့ ….. ကဲကဲ ရှိပါစေတော့ ….. ကျုပ်က ခင်ဗျားကို အိမ်သင်ဆရာမအဖြစ်နဲ့ ငှားတုန်းက တစ်လကို ရူဘယ်ငွေ သုံးဆယ် ပေးမယ်လို့ ကျုပ်တို့သဘောတူခဲ့တယ်နော် … ဟုတ်လား ”

          “ လေးဆယ်ပါရှင့် ”

          “ မဟုတ်ပါဘူး … သုံးဆယ်ပါ …… ဟောဒီမှာကြည့် ကျုပ် စာနဲ့ ရေးမှတ်ထားတာဗျ … အရင် ဆရာမတွေကို ငှားတုန်းက အမြဲတမ်း တစ်လကို သုံးဆယ်ချည်းပဲပေးခဲ့တာ … ကောင်းပါပြီ … ခင်ဗျားက ကျုပ်တို့အိမ်မှာအလုပ်လုပ်တာ နှစ်လရှိသွားပြီနော် ”

          “ နှစ်လနဲ့ ငါးရက်ပါရှင် ”

          “ မဟုတ်ပါဘူး … နှစ်လပါ … စာနဲ့ရေးမှတ်ထားတယ် ဟုတ်လား … ခင်ဗျား ကျုပ်ဆီက ရစရာတွေက ရူဘယ်ငွေ ခြောက်ဆယ်ပေါ့ … ဟုတ်ပြီနော် … ခင်ဗျား အလုပ်လုပ်တဲ့ ရက်ထဲမှာ တနင်္ဂနွေက ကိုးရက်ပါတယ် … အဲဒီကိုးရက်မှာ ကျုပ်သမီးကို စာသင်မပေးဘူး … လမ်းလျောက်ခေါ်သွားတယ် … အစိုးရ ရုံးပိတ်ရက်ကလဲ သုံးရက် ရှိသေးတယ် ”

          ဆရာမ ယူလီယာသည် မျက်နှာတွင် သွေးရောင်များ တက်၍လာသည်။ တုန်ယင်သော လက်ချောင်း လေးများဖြင့် သူမ၏ အင်္ကျီပုခုံးစွန်းကို ဆွဲချည်ဆန့်ချည် လုပ်နေရှာသည်။ သို့သော် နှုတ်ကမူ စကားတစ်ခွန်းမှ တုံ့ပြန်မလာပါ။

          “ ဒီတော့ အားလပ်ရက် သုံးရက်ရှိတယ် … အဲဒီ သုံးရက်ထဲမှာလဲ ခင်ဗျား အလုပ်မရှိဘူး … ကိုးရက်နဲ့ သုံးရက်ပေါင်းရင် တစ်ဆယ့်နှစ်ရက် အလုပ်မလုပ်ရဘူး … ဒီတော့ ရူဘယ် ၁၂ ပြား နှုတ်ရလိမ့်မယ် ဟုတ်လား .. ကျုပ်သမီး ‘ကိုလယာ’ က လေးရက် ဖျားသေးတယ် … အဲဒီရက်မှာ ခင်ဗျား စာမသင်ရဘူး … သမီးအငယ် ‘ဗာလယာ’ ကိုသာ ထိန်းရတယ် … နောက်ပြီးတော့ ခင်ဗျား သုံးရက် သွားကိုက်နေသေးတယ် … ဒါကြောင့် ကျုပ်မိန်းမက ခင်ဗျားကို အိမ်ပြန်လွှတ်ခဲ့ရတယ် … ဒီတော့ ခုနက ရူဘယ် ၁၂ ပြားနဲ့ နောက်ရက်ပျက် ခုနှစ်ရက်အတွက် ၇ ပြားပေါင်းလိုက်ရင် ရူဘယ် ၁၉ ပြားဖြစ်သွားတယ် … ခင်ဗျားရမယ့် နှစ်လခပေါင်း ရူဘယ် ၆၀ ထဲက ၁၉ ရူဘယ် နှုတ်လိုက်ရင် ခင်ဗျားရစရာ ရူဘယ် ၄၁ ပြားပဲ ကျန်တယ် … ဟုတ်တယ်နော် ”

          ယူလီယာ၏ လက်ဝဲမျက်လုံးသည် နီရဲ၍လာသည်။ မျက်ရည်လည်း လည်လာသည်။ မေးစေ့ သည်လည်း တဆတ်ဆတ်တုန်လာသည်။ ချောင်းတဟန့်ဟန့်ဖြစ်လာပြီး နှပ်ညှစ်သည်။ သို့သော်လည်း စကားတစ်လုံးမှ ထွက်မလာပါ။

          “ ပြီးတော့ နှစ်သစ်ကူးမတိုင်ခင်နေ့က ခင်ဗျားကြောင့် ကျုပ်တို့အိမ်က လ္ဘက်ရည်ပန်းကန်တစ်လုံးနဲ့ ပန်းကန်ပြားတစ်ချပ် လက်က လွတ်ကျပြီး ကွဲခဲ့သေးတယ် … အဲဒါလျော်ပေးဖို့က ရူဘယ် ၂ ပြားပဲ … ကျုပ်တို့ ဘိုးဘွားတွေဆီက အမွေရလိုက်တဲ့ ဈေးပေးရတဲ့ ပန်းကန်တွေဖြစ်တယ် … ခင်ဗျားရဲ့ ပေါ့လျော့မှုကြောင့်ပဲ … ကျုပ်သမီ်း ‘ကိုလယာ’ ကို ကောင်းကောင်းမထိန်းနိုင်လို့ ကလေးက သစ်ပင်တက်လို့ အပေါ်အင်္ကျီ စုတ်ပြဲ သွားတယ် … ခင်ဗျားရဲ့ တာဝန်ပေါ့လျော့မှုကြောင့်ဖြစ်တယ်ဆိုတော့ ရူဘယ် ၁၀ လျော်ကြေးပေးရမယ် … အိမ်က အစေခံကလည်း ကျုပ်သမီး ‘ဗာယာ’ ရဲ့ ဖိနပ်ကို ခိုးသွားတယ် … ကလေးတွေရဲ့ ပစ္စည်းတွေကို အမြဲမပြတ် စောင့်ကြပ် ကြည့်ရှုပြီး ထိန်းသိမ်းဖို့ လုပ်အားခငွေပေးပြီး ငှားထားတာပေါ့ … သက်သက် ဘယ်ငွေကုန် ခံမလဲ … ကလေး ဖိနပ်ပျောက်တာ ၅ ရူဘယ် နှုတ်ရအုံးမယ် … ဇန်နဝါရီလ ၁၀ ရက်နေ့က ကျုပ်ဆီက ငွေ ၁၀ ရူဘယ် ချေးသေးတယ်လေ ”

          “ ဟင့်အင်း … ကျွန်မ ရှင့်ဆီက ဘယ်တုန်းကမှ ငွေမချေးခဲ့ပါလားရှင် ”

          ယူလီယက်ဗာ ဆီလီယက်ဗနာသည် ကြောက်ရွံ့သောလေသံဖြင့် ငြင်းချက်ထုတ်နေသည်။

          “ ဘာဖြစ်လို့ မချေးရမှာလဲ … ကျုပ်ဆီမှာ စာရင်းသေသေချာချာမှတ်ထားတယ် … ကြည့် ”

          “ ကဲပါရှင် … ထား ….. ထားပါတော့ ”

          “ ခင်ဗျားရစရာရှိတဲ့ ကျန်ငွေ ၄၁ ရူဘယ်ထဲက ၂၇ ရူဘယ်ကို နှုတ်လိုက်ရင် ၁၄ ရူဘယ်ပဲ ကျန်တယ် ”

          ယူလီယာ၏ မျက်လုံးတစ်စုံလုံးတွင် မျက်ရည်များ ပြည့်လျှံ၍ လာသည်။ ရှည်လျားသွယ်တန်းနေသော နှာတံကလေးတစ်လျောက်တွင် ချွေးများထွက်ကာ အဆီပြန်နေသည်။

          ယူလီယာက တုန်ယင်လှုပ်ရှားသော အသံကလေးဖြင့် …..

          “ ကျွန်မ တစ်ခါတည်းသာ ငွေချေးဖူးပါတယ်ရှင် ….. ရှင့်ဇနီးဆီက ၃ ရူဘယ်ပဲ ချေးဖူးပါတယ် … ဒီထက်ပိုပြီး မချေးဖူးပါဘူး ”

          “ ဟောဗျ … ခုမှပဲ ဒီကိစ္စက ပေါ်လာတယ် … ဒါဆိုရင် ခင်ဗျားရဖို့ထဲက ၃ ရူဘယ် ထပ်နှုတ်ရင် ၁၁ ရူဘယ်ပဲကျန်မယ် … ရော့ … ဟောဒီမှာ ဆရာမရဖို့ရှိတဲ့ငွေ ၁၁ ရူဘယ် … မှန်ရဲ့လား ရေကြည့်ပါအုံး ”

          ကျွန်တော်သည် ငွေ ၁၁ ရူဘယ်ကို ယူလီယာအား လှမ်းပေးလိုက်၏။ ယူလီယာသည် ငွေကို တုန်ယင်စွာလှမ်းယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ဖြစ်သလို ထိုးထည့်လိုက်သည်။

          “ ကျေးဇူးတင်ပါတယ်ရှင် ” ဟု တိုးတိုးကလေး ပြောလိုက်ပါသည်။

          “ နေစမ်းပါအုံး … ခင်ဗျားက ကျုပ်ကို ဘာကြောင့် ကျေးဇူးတင်ရတာလဲ ”

          “ တခြားနေရာတွေမှာ ကလေးထိန်းဆရာမ လုပ်ခဲ့ပေမယ့် လုပ်အားခငွေ မရခဲ့ပါဘူးရှင် ”

          “ တစ်ပြားမှ မပေးကြဘူးလား … ခင်ဗျားက သူများအလုပ်ကို လုပ်ပေးရပြီးတော့ တစ်ပြားမှ မရဘူး ဆိုတာ မဆန်းပါဘူး … ခင်ဗျားက အင်မတန် ‘အ’ တယ် … ပျော့တယ် … ကျုပ်က ခင်ဗျားကို လုပ်ဇာတ် ခင်းပြီးတော့ ခေါင်းပုံဖြတ်နေတာ … ခင်ဗျားကို စိတ်ညစ်အောင်ပြောပြီး ဘဝသင်ခန်းစာပေးနေတာ … ခင်ဗျားရထိုက်တဲ့လုပ်အားခ ရူဘယ် ၈၀ ကို ခင်ဗျားကိုပေးဖို့ စာအိတ်ထဲမှာ ထည့်ထားပါတယ် … ခင်ဗျားက ဘာပြုလို့ ဒီလောက် သူရဲဘောကြောင်ပြီး သတ္တိနည်းရတာလဲ … ကိုယ့်အခွင့်အရေးကို ဘာကြောင့် မတောင်းရဲရတာလဲ … မကန့်ကွက်ဘဲ နေရတာလဲ … လောကကြီးက အင်မတန်ဆိုးတယ် … အမြီးရ အမြီးစား … ခေါင်းရ ခေါင်းစားတဲ့လောက … နိုင်ရာစားလောက … တစ်ဘက်စောင်းနင်းလောကကို ခင်ဗျားက ဘာလို့ ငြိမ်ခံနေရတာလဲ … ဒီလောက်ကြမ်းတမ်းပြီး အနိုင်ယူနေကြတဲ့လောကကြီးထဲမှာ ခင်ဗျား ဘယ်လို အသက်ရှူပေါက် ရနိုင်မှာလဲ … ခင်ဗျားစိတ်က ပျော့လွန်းလှသဗျာ ”

          ကျွန်တော်သည် ယူလီယာအား ဘဝသင်ခန်းစာတစ်ခုကို ခပ်ကြမ်းကြမ်းလေး ပေးမိသည့်အတွက် ခွင့်လွှတ်ရန်တောင်းပန်ရင်း သူမရရှိမည့် လုပ်အားခငွေ ရူဘယ် ၈၀ ကို အပြည့်အဝ ပေးလိုက်သည်။ ယူလီယာသည် အားငယ်တုန်ယင်သောအသံဖြင့် ကျေးဇူးတင်စကားပြော ထွက်ခွာသွားသည်။

          ထွက်ခွာသူ ယူလီယာ၏ ကျောပြင်လေးကို ကြည့်ရင်း “ ဤလူ့ဘောင်လောကကြီးတွင် လူအချင်းချင်း မတရားသဖြင့် နှိပ်စက်၊ နိုင်ရာကို ကိုင်၍ နိုင်ရာစားလုပ်နေကြသော အလုပ်သည် ငုံ့ခံနေကြသူတွေ ရှိနေသေးသမျှကာလပတ်လုံး နှိပ်စက်လိုသူများအတွက် တကယ်ပင်လွယ်ကူသော အလုပ်ပါလား ” ဟူ၍ စဉ်းစားနေမိပါတော့သည်။

( Zchez Cott ၏ ULIA ဝတ္ထုကို ပြန်ဆိုသည်။ )

Read 4538 times