Thursday, 03 April 2014 02:20

ကိုယ်လုပ်တဲ့သီချင်းကို ကိုယ်တန်ဖိုးထားရင် အချိန်ဘယ်လောက်ကြာကြာ တန်ဖိုးလျော့သွားမှာ မဟုတ်ဘူးလို့ ဆိုတဲ့ Lil’Z

Written by 
Rate this item
(0 votes)

Hip Hop လောကရဲ့ Underground အသိုင်းအ၀ိုင်းမှာ MJNနဲ့အတူ မသိသူမရှိလောက်အောင် နာမည်ရလာခဲ့တဲ့ Lil’Z ဟာ ဒီလောကထဲမှာ အချိန်ယူရင်း သူ့ဖန်တီးမှုတွေ၊ သီချင်းတွေ နေရာတစ်ခုရလာအောင်၊ နာမည်တစ်ခုရလာအောင် ကြိုးစားလာခဲ့သူမို့ သူဘာကြောင့် ခုလို တဖြည်းဖြည်း လူသိများ အားပေးခံလာရသလဲဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့ကြောင့် သူနဲ့တွေ့ဆုံခိုက် သိချင်တာလေး မေးမြန်းဖြစ်တဲ့အခါလတ်တလော အနုပညာလှုပ်ရှားမှုကို အရင်ပြောပြပေးပါလား။

ကျွန်တော် solo ထုတ်ဖို့ကတော့ မသေချာသေးဘူး။ သီချင်းစုနေတုန်းပဲရှိသေးတယ်။ official မထုတ်ခင်စပ်ကြားမှာ underground မှာပဲ သီချင်းသုံးပုဒ်လောက် ဝေဖြစ်ရင် ဝေဖြစ်လိမ့်မယ်။

ခုနောက်ဆုံး အွန်လိုင်းမှာ ဖြန့်ထားတဲ့ ‘မင်းပိုင်နက်ထဲကို နယ်မြေချဲ့ချင်လို့’ သီချင်းအတွက် feedback ကဘာတွေပြန်ကြားရလဲ။

အမျိုးသမီးတွေကတော့ နည်းနည်းရိုင်းတယ်ပေါ့နော်။ ယောင်္ကျားလေးတွေကတော့ သူတို့နဲ့ သဟဇာတဖြစ်တဲ့ အကြောင်းအရာလေးတွေပါတော့ ကြိုက်ကြတာပေါ့။ မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။

MJN က Underground လောကမှာ တော်တော်တော့ကြာပြီနော်။ ခုနောက်ပိုင်းဆို Lil’Z ရဲ့ Flow တွေတောင် နည်းနည်း ပြောင်းသွားတယ်ဆိုတော့ MJN အနေနဲ့ရော ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားသလဲ။ အဲ့ဒီအကြောင်းလေး တစ်ချက်ပြန်ပြောပေးပါဦး။

MJN က ၂၀၀၈လောက်ကတည်းက စလုပ်ခဲ့တာ။ အဲ့ဒီတုန်းကတော့ ၆ယောက်နဲ့ စခဲ့တာပေါ့။ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ သုံးယောက်ပဲ ကျန်ခဲ့တယ်။ အဲ့ဒီသုံးယောက်က စာခြောက်ရုပ်ရယ်၊ ဟိန်းထက်ရယ်၊ ကျွန်တော်ရယ်ပေါ့။ အစပိုင်းတုန်းကတော့ စာခြောက်ရုပ်က Legendary နဲ့ မျောနေတာတွေ ရှိတယ်ဗျာ။ အဲ့ဒီတော့ စာခြောက်ရုပ်နဲ့ ကျွန်တော်တို့နဲ့လည်း မတွေ့ဖြစ်ဘူး။ အဲ့ဒါနဲ့ ကျွန်တော်ရယ် ဟိန်းထက်ရယ်ပဲ အခွေလုပ်နေရင်းနဲ့ mixtape လေးလုပ်မယ်ပေါ့။ ၂၀၁၂ အကုန်ပိုင်းလောက်မှ Time’s Up mixtape ထွက်လာတယ်။ Time’s Up ကနည်းနည်းလူသိလာတော့ သီချင်းတွေလည်း ပိုပိုလုပ်ဖြစ်လာတာပေါ့။ သီချင်းပုံစံတွေကတော့ ၂၀၀၈တုန်းကနဲ့ မတူတော့ဘူး။ စစလုပ်တုန်းကတော့ ဘာမှလည်း မသိဘူး။ Second Generation က အကြီးတွေရဲ့ သီချင်းတွေ နားထောင်တယ်။ နိုင်ငံတကာက သီချင်းတွေ နားထောင်တယ်။ အဲ့ဒီကနေ အတုယူလုပ်ရတာပေါ့။ အရင်တုန်းကတော့ ဂွမ်းတာပေါ့ဗျာ။ အဲ့ဒီကနေပြီးတော့ ၂၀၁၂ လောက်ကျတော့ ကျွန်တော်နဲ့ ဟိန်းထက်နဲ့ ပြောဖြစ်တယ်။ သားကြီး Flow ပြောင်းပြီးဆိုရင် ကောင်းမယ်ပေါ့။ အစကတော့ 50 Cent ပုံစံတွေကြိုက်တယ်။ Time’s Up ရောက်မှ ပုံစံပြောင်းသွားတာ။ ခုတော့ Slaughter House တို့ဘာတို့လို ပုံစံမျိုးတွေ ကြိုက်တယ်။ Flow ပြောင်းသွားတာကလည်း သုံးယောက်စလုံး ပြောင်းသွားတာပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။

MJN အတွက် beat တွေကို ဘယ်သူ ပရိုဂျူလုပ်ပေးလဲ။

ဟိန်းထက်ကတော့ ကျွန်တော်တို့ MJN အတွက် အများဆုံးတီးတယ်။ သီချင်းအကြောင်းအရာတွေဘာတွေတော့ သုံးယောက်လုံး ပေါင်းပြီး စဉ်းစားတယ်။ တစ်ခါတစ်လေတော့ ကျွန်တော်နဲ့ ဟိန်းထက်နဲ့ အရင်တိုင်ပင်ပြီးမှ စာခြောက်ရုပ်ကို လှမ်းခေါ်လိုက်ရတာမျိုး ရှိတယ်။ အဲ့ဒီလိုပေါ့။ ဒါပေမယ့် ခုနောက်ဆုံး ‘မင်းပိုင်နက်ထဲကို နယ်မြေချဲ့ချင်လို့’ သီချင်းကတော့ စာခြောက်ရုပ်တီးတာကို ဟိန်းထက်က နည်းနည်း ပြန်လိုက်ထည့်ထားတာ။

MJN ကို ပရိသတ်ပိုလက်ခံလာတာ အဲ့ဒီလို Flowတွေ ပြောင်းပစ်လိုက်လို့လား။ အဲ့ဒီအပိုင်းကို ဘယ်လိုမြင်လဲ။

ကျွန်တော်ထင်တာကတော့ အဲ့ဒီလိုပြောင်းတာ၊ မပြောင်းတာထက် ပရိုမိုးရှင်းလို့ ထင်တာပဲ။ အရင်တုန်းက ကျွန်တော်တို့က သီချင်းသာလုပ်နေတာ။ ဖေ့စ်ဘွတ်ခ်တွေ ဘာတွေလည်း မသုံးဖြစ်ဘူး။ သီချင်းကိုလည်း ဘယ်မှာမှ တင်တာမရှိဘူး။ ကိုယ့်ရပ်ကွက်ထဲက ကိုယ့်သူငယ်ချင်းတွေ ပေးနားထောင်ပြီး ဟိုကောင်တွေက ကောင်းတယ်ဆိုရင် ဖီးလ်တက်ပြီး ပျော်နေတာ။ Mixtape ထုတ်ပြီးမှ ကျွန်တော်တို့ကို လူသိလာတာပေါ့။

 

Mixtape အပြင် Lil’Z အနေနဲ့ featuring ဆိုထားတာလေးတွေလည်း ပြောပြပေးပါဦး။

Time’s Up mixtape ထွက်ပြီးတော့ Bunny Phyoe နဲ့စပြီး သီချင်းလုပ်ဖြစ်သွားတာပေါ့။ It’s Over ဆိုတဲ့သီချင်း။ ပြီးတော့ Jimmy Jacob နဲ့ သီချင်းလုပ်တယ်။ နောက် ASH နဲ့လုပ်ထားတဲ့ သီချင်းတွေရှိတယ်။ မနှင်းထွဋ်ဆွေ နဲ့ လုပ်ထားတဲ့ သီချင်းတွေပေါ့။ အဲ့ဒီ သီချင်းက ကျွန်တော်ရယ်၊ ကိုကျော်ထွဋ်ဆွေရယ် ပြောင်ဆိုထားတဲ့ သီချင်းလေးပါ။ ကျွန်တော်က ပြောင်ဆိုထားတာတွေများတယ်။ ကိုသိန်းလင်းစိုးအခွေထဲမှာလည်း အဲ့ဒီလိုပဲ။

အရင်တုန်းက ကိုယ်အားသန်ပြီး ရေးခဲ့တဲ့ သီချင်းအကြောင်းအရာတွေရှိပေမယ့် ခုလောလောဆယ် ရေးချင်နေတဲ့ အကြောင်းအရာက ဘယ်လိုမျိုးဖြစ်လိမ့်မလဲ။

အချစ်အကြောင်းတွေ အရမ်းရေးချင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်သီချင်းတွေက မုန်းတာတွေပဲ အရမ်းများနေလို့။ မုန်းတဲ့အကြောင်းတွေချည်း ဆိုနေတော့ အမျိုးသမီးတွေ အမြင်ကတ်တာပေါ့။ ယောင်္ကျားလေးတွေက ဟီးဟီးဖြစ်နေပေမယ့် အမျိုးသမီးတွေက မျက်စောင်းထိုးချင်နေကြတော့ မကောင်းဘူးလေ။ (ရယ်လျက်)

တစ်ချို့ Artist တွေက ဖန်တီးမှုအားကောင်းပေမယ့် နောက်ဆုံးကျတော့ ကော်မာရှယ် ဘက်လိုက်သွားတာမျိုးရှိတယ်။ အရင်သူ့ကို အားပေးခဲ့တဲ့ သူတွေတောင် ဟာ ဘယ်လိုဖြစ်သွားတာလဲဆိုပြီး ဖြစ်ရတဲ့အထိပေါ့။ Lil’z ရဲ့ အမြင်တစ်ချို့ကိုလည်း ပြောပြပေးပါဦး။

ကော်မာရှယ်တွေဘာတွေတော့ ကျွန်တော် မသိဘူးဗျ။ ကျွန်တော်ထင်တာကတော့ ကိုယ်လုပ်တဲ့သီချင်းက ကိုယ်တန်ဖိုးထားရင်တော့ ဒီသီချင်းဘယ်လောက်ကြာသွားပါစေ၊ တန်ဖိုးကတော့ ဘယ်တော့မှ လျော့မှာမဟုတ်ဘူး။ ငါ နာမည်ရှိနေပြီပဲ၊ ငါဘယ်လိုလုပ်လုပ် လူကြိုက်မှာပဲဆိုတာမျိုးတွေ မဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်သီချင်းကို နားထောင်တဲ့သူက ကိုယ့်ကို တန်ဖိုးထားလို့ နားထောင်တာလေ။ ကိုယ်ကလေ သူတို့ကို ချပြမယ့်သီချင်းကို တန်ဖိုးရှိရှိ အားသွန်ခွန်စိုက်လေးနဲ့ လုပ်ပေးသင့်တယ်လို့ ထင်တာပဲ။ အဲ့ဒါမှ ရေရှည်တည်တံ့မှာ။ ကိုယ်ကပြီးပြီးရော လုပ်ရင် ကိုယ့်အပေါ်ထားတဲ့ တန်ဖိုးကလည်း ပေါ့သွားမှာပဲ။

သီချင်းလုပ်မယ်ဆို Inspiration ယူတာမျိုး၊ နောက် ကိုယ့်ကို Influence ဖြစ်တဲ့ အနုပညာရှင်အကြောင်း ပြောပြပေးပါလား။

Inspiration ကတော့ ယူရတာပါပဲ။ မယူလို့မှမရတာ။ ကိုယ့်ကို Influence ဖြစ်တဲ့သူတွေဆိုရင် မြန်မာပြည်မှာကတော့ ကို Bigg-Y ပါပဲ။ ကျွန်တော် ရက်ပ်တွေ စရေးဖြစ်တာကတော့ ကိုရဲ (Bigg- Y)ကြောင့် အများကြီးပါတယ်။ သူက ကျွန်တော် ဟိုးငယ်ငယ်လေး ကတည်းက ကြိုက်ရတဲ့ ရက်ပ်ပါပေါ့ဗျာ။ နိုင်ငံခြားမှာတော့ Eminem လည်း ကြိုက်တယ်။ Slaughter House ထဲက ရက်ပ်ပါတွေ အကုန်ကြိုက်တယ်။ Kendrick Lamar လည်း ကြိုက်တယ်။ အေးအေးလေးတွေ ဆိုတဲ့ကောင်တွေလည်း ကြိုက်ပါတယ်။ နားထောင်ဖြစ်တာကတော့ အများကြီးပဲ။ PSY လည်း ကြိုက်တယ်။ အဲ့ဘဲကြီးက ကြမ်းတယ်။

MJN အနေနဲ့ အလုပ်တွဲလုပ်ချင်တဲ့ မြူးဇစ်ပရိုဂျူဆာတွေရော ရှိလား။

ရှိပါတယ်။ SME က သန်းထိုက်မျိုး (THM) နဲ့လည်း တွဲလုပ်ချင်တယ်။ Glock လည်း ကောင်းတာပဲ။ နောက် မိုးထက်တို့ဘာတို့လည်း ကောင်းတယ်။ ကျွန်တော်ကတော့ လက်လှမ်းမီရာ အကုန်လုံးနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်။ ခုဆိုရင် မြူးဇစ်ပရိုဂျူဆာတွေက ရက်ပ်ဆိုတဲ့ သူတွေထက် ပိုတောင်များလာတယ်လို့ ထင်ရတယ်။ ကောင်းတဲ့သူတွေလည်း အများကြီးပဲ။

တစ်ခြားမြူးဇစ်တွေနဲ့ Hip Hop နဲ့ ပေါင်းဖန်တီးကြည့်ဖို့တွေဘာတွေရော။

ကျွန်တော်တို့က လုပ်ကြည့်ချင်ပါတယ်။ ခုလောလောဆယ်မှာ အဆက်အသွယ်မရှိသေးတာလည်း ပါတယ်။ ကျွန်တော်တို့ကိုလည်း ခုဘယ်သူမှ သိပ်မသိသေးဘူးဆိုတော့လေ။ အရင်ဆုံး ကိုယ့်အဖွဲ့ကို လူသိအောင်လုပ်ပြီးမှ အဲ့ဒီလိုမြူးဇစ်တွေ ဖန်တီးဖို့ လုပ်ရမယ်။ ကျွန်တော်တို့ကတော့ ဟိုးအရင်ကတည်းက အဲ့ဒီလိုလုပ်ချင်ခဲ့တာ။ Acoustic ပုံစံလည်းလုပ်ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာသီအိုရီမှ နားမလည်ဘူး။ ကျွန်တော်တို့က အကြားနဲ့ပဲ မြူးဇစ်ကို ဖန်တီးနေရတာ။ ကျွန်တော်တို့ ခံစားနိုင်တဲ့ ရင်ထဲက သံစဉ်တွေပဲ ရှိတယ်။ အဲ့ဒီလိုမျိုးဆိုတော့ ဟိုဘက်ကလူတွေနဲ့ အလုပ်တွဲလုပ်တဲ့အခါ တိုင်ပတ်တာမျိုးတွေ ရှိလာနိုင်တယ်။ အဆင်ပြေချင်လည်း ပြေမှာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလို မြူးဇစ်မျိုးလေးတွေ လုပ်ဖို့ စိတ်ကူးရှိပါတယ်။

၂၀၁၄ ခုနှစ်အတွင်း အခွေနဲ့ ပတ်သက်ပြီး ဘာတွေ plan ချထားတာမျိုးရှိလဲ။

အခွေအတွက်ကတော့ သီချင်းက ခုကတည်းက စုနေပြီ။ သင်္ကြန်မရောက်ခင်လေး ကျွန်တော့်သီချင်း သုံးပုဒ်လောက်ကို Mixtape ဝေချင်တယ်။ အခွေထဲက သီချင်းတွေကိုပဲ ကြိုဝေချင်တာ။ ဝေနိုင်အောင်တော့ အသည်းအသန်လုပ်နေတယ်။ ဝေနိုင်မယ်ဆိုရင်တော့ အခွေအတွက်လည်း ပိုသေချာသွားမယ်လို့ ထင်တယ်။

ကိုယ့်ကိုကိုယ်ရော ဘယ် Generation မှာပါသလဲဆိုပြီး စဉ်းစားမိလား။

ကျွန်တော်တို့ကျတော့ Third Generation နောက်ပိုင်း မျိုးဆက်ပေါ့။ After Third လို့ ထင်တာပဲလေ။

သီချင်းတွဲလုပ်မယ့်သူတွေရှိရင်လည်း ပြောပြပေးပါဦး။

တွဲလုပ်မယ့်သူတွေတော့ ရှိတယ်။ ရဲရင့်အောင်နဲ့ ပြောထားတာရှိတယ်။ ကိုလွှမ်းပိုင်နဲ့လည်း လုပ်ဖို့ရှိတယ်။ Underground ကဆိုရင်လည်း ကျွန်တော့်လှိုင်က ကောင်တွေနဲ့ တွဲလုပ်ဖို့ရှိတယ်။ C-Hokker နဲ့ Big-Zy တို့နဲ့လည်း လုပ်ရမယ်။ ကိုယ့်လူတွေဆိုတော့ သူတို့နဲ့ မဖြစ်မနေကို လုပ်ရမယ်။

သင်္ကြန်နီးလာပြီဆိုတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်လေးတွေရှိရင် ပြောပြပေးဦး။

သင်္ကြန်နီးလာပြီဆိုတော့ စိတ်ထဲမှာ ကြည်နူးသလိုလို လွမ်းသလိုလိုပေါ့။ ဘာမှန်းလည်း မသိဘူး။ ဖြစ်နေကျ ဖီလင်တွေနဲ့တော့ မတူဘူး။ ဖီးလ်ကျဲနေတဲ့ အထာကြီး။

သင်္ကြန်ဘယ်မှာရှိမှာလဲ။

သင်္ကြန်ကတော့ မဏ္ဍပ်ပဲ ထိုင်ဖြစ်မယ်ထင်တယ်။ ဘယ်မှာထိုင်ဖြစ်မယ် ဆိုတာတော့ မသိသေးဘူး။

Trend Myanmar

Read 1282 times Last modified on Thursday, 03 April 2014 02:22