Monday, 13 October 2014 03:21

တာဖာဆောင်ဒေသမှ နှစ်ဖက်တပ်များ ဆုတ်ခွာရန် သမ္မတက ညွှန်ကြားထား၍ တပ်မတော်ဘက်မှ ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု SSPP ထုတ်ပြန်

Written by 
Rate this item
(0 votes)

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှ နှစ်ဖက်တပ်များဆုတ်ခွာရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထား၍ တပ်မတော်ဘက်မှ ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု အောက်တိုဘာ ၁ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် တာဖာဆောင် အရေးအခင်းနှင့် ပတ်သက်သော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် SSPP/SSA တို့အကြား အောက်တိုဘာ ၂ ရက်မှ ၄ ရက်နေ့အထိ တိုက်ပွဲများ

ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ SSPP/SSA အဖွဲ့ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ SSPP/SSA အနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်မှာချက်အတိုင်း တာဖာဆောင်မှ ဆုတ်ခွာပေးပြီး ဖြစ်သည့်အတွက် တပ်မတော်ဘက်မှလည်း တဖြည်းဖြည်း ဆုတ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဖာဆောင်တိုက်ပွဲသည် မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာသည့် တိုက်ပွဲမျိုးမဟုတ်ဘဲ တပ်မတော်ဘက်မှ အစီအစဉ်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု SSPP/SSA က သုံးသပ်ခဲ့ပြီး တပ်မတော်ဘက်မှ တဖြည်းဖြည်း ဆုတ်ခွာပေးမည်ဆိုသည်ကား အောက်တိုဘာ ၁ဝ ရက်ထိတိုင် ဆုတ်ခွာခြင်း မရှိသေးသည့်အတွက်ကြောင့် နောက်ထပ် တစ်လ၊ တစ်နှစ်၊ ၁ဝ နှစ်ကြာမှ ဆုတ်ခွာသွားမည်လောဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု SSPP/SSA က ထုတ်ပြန်ပြောကြားခဲ့သည်။

တာဖာဆောင်တိုက်ပွဲကြောင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ယုံကြည်မှုများကို တစ်စုံတစ်ရာ ထိခိုက်စေကြောင်း၊ နိုင်ငံရေးပြဿနာ ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းသည် အဖြေကောင်း၊ ရလဒ်ကောင်း မဖြစ်နိုင်ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တာဖာဆောင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားရာ SSPP/SSA က တည်ဆောက်ထားသည့် တာဖာဆောင်တံတားသည် ၂ဝ၁၁ ခုနှစ်တွင် မိုင်းခွဲမီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလအတွင်း အပစ်ရပ်စဲရေး ဆောင်ရွက်ပြီးနောက် ယင်းတံတားကို SSPP/SSA က အသစ်ပြန်လည် တည်ဆောက်ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် ဇွန်လတွင် တာဖာဆောင်အနီးရှိ SSPP/SSA တပ်ကို တပ်မတော်ဘက်မှ အကြောင်းမဲ့ ဆုတ်ခွာခိုင်းခဲ့၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များနှင့် SSPP/SSA ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့တို့ နှစ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း တိကျပြတ်သားသည့်အဖြေ မရရှိခဲ့ကြောင်း၊ ယင်းသို့ဆွေးနွေးမှုအပြီး ဇွန် ၂၆ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား SSPP/SSA အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်းက သွားရောက်ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း၊ ယင်းနေ့မွန်းလွဲပိုင်း၌ပင် တပ်မတော်ဘက်မှ တာဖာဆောင်အနီးရှိ SSPP/SSA တပ်စခန်းကို စတင်တိုက်ခိုက်ရာ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဩဂုတ် ၂၅ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတနှင့် SSPP/SSA တို့တွေ့ဆုံစဉ် တာဖာဆောင်ကိစ္စနှင့် ပတ်သက်၍ ပြောကြားရာ၌ နိုင်ငံတော်သမ္မတက “မည်သူမျှ ထိုနေရာတွင် မနေကြနှင့်” ဟူ၍ မိန့်မှာခဲ့ကြောင်း၊ ဩဂုတ် ၃၁ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား SSPP/SSA ဒုဥက္ကဋ္ဌ စဝ်ခေးတိုင်းဦးဆောင်သည့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ တာဖာဆောင်ကိစ္စသည် SSPP/SSA မှ တပ်မတော်ဘက်ကို စတင်တိုက်ခိုက်ခြင်း မဟုတ်၍ တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာရှိရှိ အရင်ဆုံးဆုတ်ပေးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တိုင်းမှူးမှ မည်သည့်ဖြေကြားချက်မျှ မပေးဘဲ SSPP/SSA အရင်ဆုတ်ပေးရေးကိုသာ ပြောကြား၍ သဘောတူညီချက် မရရှိခဲ့ကြောင်း၊ စက်တင်ဘာ ၃ဝ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ SSPP/SSA ဆက်ဆံရေးရုံး တာဝန်ခံအား ခေါ်ယူ၍ တာဖာဆောင်ဒေသမှ SSPP/SSA ဆုတ်၊ မဆုတ် သိချင်ကြောင်း မေးမြန်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်းမှ SSPP/SSA အား ထပ်မံမေးမြန်းခဲ့ကြောင်း၊ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် တပ်မတော်ဘက်မှ SSPP/SSA တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့၌ပင် စစ်ပွဲရပ်စဲပေးရန်နှင့် ဆက်လက်မပြန့်ပွားစေရန် နိုင်ငံတော်သမ္မတထံသို့ အီးမေးလ်ဖြင့် ရေးသားတင်ပြ ပေးပို့ခဲ့ကြောင်း၊ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် SSPP/SSA တပ်ဖွဲ့များ တာဖာဆောင်မှ ဆုတ်ခွာပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

Eleven Media Group

Read 2602 times
You are here:   HomeHealthသတင်းများတာဖာဆောင်ဒေသမှ နှစ်ဖက်တပ်များ ဆုတ်ခွာရန် သမ္မတက ညွှန်ကြားထား၍ တပ်မတော်ဘက်မှ ဆုတ်ခွာခြင်းကို အချိန်မဆွဲသင့်ဟု SSPP ထုတ်ပြန်