Friday, 06 March 2015 06:16

အပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ခြင်းအတွက် ဆစ်ဆီနှင့် အီဗန်စ်တို့ကို အရေးယူရန် တိုက်တွန်း

Written by 
Rate this item
(0 votes)

အင်္ဂလိပ်မီဒီယာများသည် မန်ယူက နယူးကာဆယ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်ဦးနှင့်တစ်ဦး တံတွေးဖြင့် အပြန်အလှန် ထွေးခဲ့သည့် နယူးကာဆယ် တိုက်စစ်မှူး ပါပစ်ဆစ်ဆီနှင့် မန်ယူနောက်ခံလူ ဂျွန်နီအီဗန်စ်တို့ကို ရုပ်သံမှတ်တမ်းများကို ကြည့်ရှု၍ ပွဲပယ်ပြစ်ဒဏ်ချမှတ် အရေးယူရန် တိုက်တွန်းနေကြပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။



ရုပ်သံအနှေးပြကွက်များတွင် မန်ယူနောက်ခံလူ အီဗန်စ်သည် လဲကျနေသော ပါပစ်ဆစ်ဆီကို တံတွေးဖြင့် ဦးစွာ ပထမထွေးလိုက်ခြင်း ဖြစ်ကြောင်း မြင်တွေ့ခဲ့ကြရပြီး ယင်းအချိန်တွင် ဆစ်ဆီက လဲကျနေရာက ချက်ချင်းထကာ အီဗန်စ်၏ ခန္ဓာကိုယ်ကိုဖက်၍ အီဗန်စ် ပြုမူသည့်အတိုင်း တံတွေးဖြင့် ပြန်ထွေးကာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာသည် ပွဲချိန်ပထမပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်အပေါ်တွင် ကစားသမားနှစ်ဦးကို ခေါ်ယူသတိပေးစကား ပြောကြားရုံသာ လုပ်ဆောင်ခဲ့ပြီး ရုပ်သံမှတ်တမ်းကို ပြန်ကြည့်ရှုရာတွင် ဒိုင်လူကြီးတေလာမှာ ကစားသမားများ တံတွေးဖြင့် အပြန်အလှန် ထွေးခဲ့ကြသည်ကို မရိပ်မိဘဲ သာမန်အချင်းများခြင်းသာ ဖြစ်မည်ဟု ယူဆသည့် သဘောဖြင့် ယင်းသို့ ဖျန်ဖြေမှု လုပ်ပေးလိုက်ခြင်း ဖြစ်ဖွယ် ရှိနိုင်သည်ဟူသော အထောက်အထားများကို တွေ့ရှိလိုက်ရသည်။

ဘောလုံးဥပဒေတွင် ပြဋ္ဌာန်းပါရှိမှုအရ ပြိုင်ပွဲကစားသမားကို တံတွေးဖြင့် ထွေးခြင်းသည် တိုက်ရိုက်အနီကတ် ပြစ်ဒဏ်မြောက်ပြီး လွန်ခဲ့သော ၂၀၁၄ ခုနှစ် မတ်လတွင် မန်စီးတီးနှင့် ဟားလ်စီးတီးတို့ ယှဉ်ပြိုင်ခဲ့ကြသော ပွဲစဉ်၌ မန်စီးတီးဂိုးသမား ဂျိုးဟတ်ကို တံတွေးဖြင့် ထွေးခဲ့သော ဟားလ်စီးတီး ကွင်းလယ်လူ ဂျော့ခ်ျဘွိုက်ဒ်မှာလည်း သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည့် အထောက်အထားများ ရှိထားနှင့်ပြီး ဖြစ်သည်။

လီဗာပူး ကွင်းလယ်လူဟောင်း ဟာမန်း၊ မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်နှင့် နယူးကာဆယ် ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ်တို့သည် အီဗန်စ်နှင့် ဆစ်ဆီတို့၏ အပြုအမူကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး ရုပ်သံကတစ်ဆင့် ဘောလုံးပွဲကြည့်နေသူများ အနက်တွင် ကလေးငယ်များလည်း ပါဝင်နေသောကြောင့် အတုခိုးမှားသွားနိုင်သည်ဟု ဟာမန်းက ဆိုသွားခဲ့သည်။

မန်ယူနည်းပြ ဗန်ဟားလ်နှင့် နယူးကာဆယ်နည်းပြ ဂျွန်ကာဗာတို့ကမူ ၎င်းတို့၏ ကစားသမားများဘက်က ကာကွယ်နေဆဲဖြစ်ကာ အီဗန်စ် တံတွေးထွေးလိုက်သည်မှာ မြေကြီးပေါ်သို့ ဖြစ်ပြီး ပါပစ်ဆစ်ဆီကို ရည်ရွယ်သည်ဟု မယူဆမိကြောင်း ဗန်ဟားလ်က အသိပေးပြောဆိုထားသည်။

သို့သော် ရုပ်သံပုံရိပ်များတွင်မူ အီဗန်စ် တံတွေးနှင့် ထွေးခဲ့သည်မှာ ပါပစ်ဆစ်ဆီကို ရည်ရွယ်သည့် သဘောဖြစ်နေကြောင်း ထင်ရှားစွာ မြင်တွေ့နေကြရသည်။

credit to>>>The Voice Weekly

Read 607 times