Thursday, 19 March 2015 07:20

လက်ဝှေ့အားကစားကို တားမြစ်ပိတ်ပင်ရန် သြစတြေးလျ ဆေးပညာရှင်များ တိုက်တွန်း

Written by 
Rate this item
(0 votes)

 ဆစ်ဒနီ ။    သြစတြေးလျနိုင်ငံသား ဆေးပညာရှင်များသည် အသက် ၂၃ နှစ် အရွယ်ရှိ ဘရေးဒန်စမစ် အမည်ရ တက်သစ်စ လူငယ်လက်ဝှေ့ကစားသမား တစ်ဦး အသက်ဆုံးရှုံးလိုက်ရ အပြီးတွင် လက်ဝှေ့အားကစားကို သြစတြေးလျနိုင်ငံတွင် ကန့်သတ်တားမြစ် ပယ်ဖျက်ပေးပါရန် အစိုးရ အာဏာပိုင်များကို တိုက်တွန်း တောင်းဆိုလိုက်ကြကြောင်း BBC က ဖော်ပြထားသည်။



ဘရေးဒန်စမစ်သည် လွန်ခဲ့သည့် သီတင်းပတ်၌ စိန်ခေါ်သူ ဂျွန်မိုရဲလ်ဒီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ်တွင် အမှတ်ဖြင့် အရေးနိမ့်သွားခဲ့ပြီး အဝတ်လဲခန်းသို့ ရောက်ရှိချိန်တွင် အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည့်အတွက် ၎င်းကို ဆေးရုံသို့ ချက်ချင်းပင် တင်ပို့ပေးလိုက်ကြရသည်။

ဘရေးဒန်စမစ်သည် ယင်းကဲ့သို့ လဲကျသွားချိန်မှ စတင်၍ သတိလစ် မေ့မျောသွားခဲ့ကာ ကွယ်လွန်သွားချိန်ထိတိုင် သတိပြန်လည်လာခြင်း မရှိခဲ့တော့ကြောင်း ဆေးရုံဝန်ထမ်းများက ဖွင့်ဟပြောဆိုသွားခဲ့ကြသည်။

ကွင်းစ်လန်းအခြေစိုက် သြစတြေးလျ ဆေးပညာ အစည်းအရုံး ဥက္ကဋ္ဌ ရှောင်ရုဒ်သည် ဘရေးဒန်စမစ် ကွယ်လွယ်သွား အပြီးတွင် လက်ဝှေ့အားကစားကို သြစတြေးလျနိုင်ငံ အနေနှင့် ပယ်ဖျက်လိုက်သင့်ပြီ ဖြစ်ကြောင်း ဦးဆောင်ဦးရွက်ပြု တောင်းဆိုလိုက်ကာ လက်ဝှေ့ပွဲဆိုင်ရာ စည်းမျဉ်းများကိုလည်း ၎င်းက ဝေဖန်ထောက်ပြသွားခဲ့သေးသည်။

လက်ဝှေ့ပွဲ စည်းမျဉ်းများကို ရှောင်ရုဒ်က “ခါးအောက်ပိုင်းမှာရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကျတော့ ထိုးသတ်ခွင့် ပေးမထားပါဘူး။ ပခုံးရဲ့အထက်မှာ ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုကျတော့ စိတ်ကြိုက်ထိုးလို့ ရတယ်ဆိုပြီး ခွင့်ပြုထားပါတယ်။ ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းက အရေးအကြီးဆုံးလဲ ဆိုတာ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတော့ဗျာ” ဟု အပြစ်တင်ထားပြီး သြစတြေးလျ လက်ဝှေ့အစည်းအရုံး ဥက္ကဋ္ဌကမူ ဘရေးဒန်စမစ် ကွယ်လွန်သွားမှုမှာ တိုက်ဆိုင်သွားသည့် မတော်တဆမှု တစ်ခုသာ ဖြစ်ကြောင်း တုံ့ပြန်ရှင်းလင်းသွားခဲ့သည်။

ဘရေးဒန်စမစ်သည် ဥပဒေအထူးပြုဖြင့် တက္ကသိုလ် တက်ရောက်နေသော ကျောင်းသားတစ်ဦး ဖြစ်ကာ လက်ဝှေ့အားကစားမှာ လူအများ ထင်မြင်ယူဆသကဲ့သို့ ကြောက်ရွံ့ဖွယ်ရာ အားကစားတစ်ခု မဟုတ်ကြောင်း သက်သေပြလိုသည့်အတွက် ဘရေးဒန်စမစ်က လက်ဝှေ့ပွဲများ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ ဆွေမျိုးနီးစပ်တစ်ဦးက ရှင်းပြသွားခဲ့သည်။

ဘရေးဒန်စမစ်သည် ယခုမတိုင်မီ ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ပွဲစဉ် ၁၂ ပွဲတွင် အနိုင်ရလဒ်ကိုချည်း ရယူပိုင်ဆိုင်နိုင်ခဲ့သူ ဖြစ်ပြီး ကစားသမားဘဝ၏ ပထမဆုံးရှုံးပွဲကို ကြုံဆုံရင်ဆိုင်လိုက်ရ အပြီးတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Credit to >>> The Voice

Read 5416 times
You are here:   HomeSportsအားကစားလက်ဝှေ့အားကစားကို တားမြစ်ပိတ်ပင်ရန် သြစတြေးလျ ဆေးပညာရှင်များ တိုက်တွန်း