Friday, 24 April 2015 07:27

မေဝယ်သာနှင့် ပက်ကွီအိုတို့ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ် လက်မှတ်များ မိနစ်ပိုင်းအတွင်း ရောင်းကုန်ခဲ့

Written by 
Rate this item
(0 votes)

 ဖလွိုက် မေဝယ်သာနှင့် မန်နီ ပက်ကွီအိုတို့ ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် လက်မှတ်များကို အွန်လိုင်းမှ ရောင်းချရာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားကြောင်း သတင်းရရှိသည်။



မေလ၂ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်၌ ထိုးသတ်မည့် ထိပ်တန်း လက်ဝှေ့ကျော် နှစ်ဦး၏ စိန်ခေါ်ပွဲအတွက် လက်မှတ်စုစုပေါင်း အစောင်(၁၀၀၀)ကိုသာ ရောင်းချပေးခဲ့သည်။ လက်မှတ်များသည် အမြင့်ဆုံး ဒေါ်လာ (၇၅၀၀)ထိ ဈေးသတ်မှတ်ထားသော်လည်း မိနစ် အနည်းငယ်အတွင်း ရောင်းကုန်သွားခဲ့ခြင်း ဖြစ်သည်။

MGM Grand ခန်းမကြီးထဲတွင် ယှဉ်ပြိုင်မည့် လက်ဝှေ့ပွဲစဉ်အတွက် ကျန်လက်မှတ်ပေါင်း (၁၅၅၀၀)ကို လက်ဝှေ့သမား နှစ်ဦး၏ မိသားစုများ၊ ပွဲအတွက် စပွန်ဆာပေးသူများ၊ အခြားတာဝန်ရှိသူများထံ ခွဲဝေပေးသွားမည် ဖြစ်သည်။ ပြင်ပသို့ ထုတ်ရောင်းသော လက်မှတ်များကို အနိမ့်ဆုံး ဒေါ်လာ(၁၅၀၀)မှ အမြင့်ဆုံး ဒေါ်လာ(၇၅၀၀)ထိ ဈေးနှုန်း သတ်မှတ်ခဲ့သည်။

လက်ဝှေ့ကျော်နှစ်ဦး ထိုးသတ်မည့်ပွဲစဉ်ကို ဖေဖော်ဝါရီလ ကတည်းက စီစဉ်ထားသော်လည်း လက်မှတ်ခွဲတမ်းကို ယခုသီတင်းပတ် အတွင်းတွင်မှ အပြီးသတ် စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အသက်(၃၈)နှစ် အရွယ်ရှိ အမေရိကန် လက်ဝှေ့ကျော် မေဝယ်သာနှင့် အသက်(၃၆)နှစ်အရွယ် ဖိလစ်ပိုင် နိုင်ငံသား ပက်ကွီအိုတို့သည် မျိုးဆက်တစ်ခုအတွင်း အထူးချွန်ဆုံး လက်ဝှေ့သမားများအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့နှစ်ဦး ထိပ်တိုက် တွေ့ဆုံမှုသည် တစ်ကမ္ဘာလုံးရှိ လက်ဝှေ့အားကစား ဝါသနာအိုးများကို ဆွဲဆောင်လျက် ရှိသည်။

မေဝယ်သာသည် အလဲထိုးပွဲ (၂၆)ပွဲ အပါအဝင် ၎င်းယှဉ်ပြိုင်သမျှ (၄၇)ပွဲစလုံး အနိုင်ရထားပြီး ပက်ကွီအိုက (၅၇)ပွဲနိုင်၊ (၅)ပွဲရှုံးကာ (၂)ပွဲ သရေကျထားသည်။ ရုပ်မြင်သံကြား အခကြေးငွေများ အပါအဝင် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်မည့် ပွဲစဉ်မှ ဒေါ်လာ သန်းပေါင်း(၂၅၀)မျှထိ ငွေကြေးရရှိလာမည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြောင်းလည်း သိရသည်။

_Ref: BBC
Credit: 7Day News

Read 4957 times
You are here:   HomeSportsအားကစားမေဝယ်သာနှင့် ပက်ကွီအိုတို့ ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ် လက်မှတ်များ မိနစ်ပိုင်းအတွင်း ရောင်းကုန်ခဲ့