Thursday, 03 October 2013 01:55

ဆီးဂိမ်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံသို့ ဗီဇာ မလိုဘဲ လာရောက်နိုင်ကြမည်

Written by 
Rate this item
(0 votes)

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းသို့ အဖွဲ့ဝင်နိုင်ငံများမှ အားကစားတာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားများသည် ဗီဇာမလိုဘဲ လာရောက်နိုင်မည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ကျင်းပမယ့် ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အဖွဲ့ဝင်နိုင်ငံများမှ အားကစားတာဝန်ရှိသူများ၊ နည်းပြများနှင့် အားကစားသမားတွေအနေဖြင့် ဗီဇာမလိုဘဲ လာရောက်နိုင်မှာဖြစ်ပါတယ်။ ဗီဇာ အစား အသိအမှတ်ပြု ကတ်ပြား ( Accreditation Card) တွေနဲ့ ၀င်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီလိုကတ်ပြားတွေနဲ့ လူပေါင်း ၁၀၀၀၀ ကျော် လာရောက်မှာ ဖြစ်ပါတယ် " ဟု

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေးမှူး ဒေါက်တာမြတ်သူရစိုးက ရေဆင်းတက္ကသိုလ်၌ ပြုလုပ်သော L0/VO ဆက်ဆံရေးသင်တန်းတွင် ပြောကြား လိုက်သည်။ အဆိုပါ (Accreditation Card) ကတ်ပြားများကို အရောင် ၁၁ မျိုးဖြင့် သတ်မှတ်ထားပြီး နိုင်ငံအကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ နည်းပြနှင့် တာဝန်ရှိသူများ၊ အားကစားသမားများ၊ မီဒီယာအဖွဲ့ဝင်များ ပါဝင်ကြောင်း၊ ယင်းတို့သည် ဗီဇာမလိုဘဲ ကတ်ပြားများဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ ယင်းတို့သည် နိုဝင်ဘာ ၂၄ ရက်မှစပြီး မြန်မာနိုင်ငံသို့ ဆက်တိုက် လာရောက်ကြမည် ဖြစ်ကြောင်း၊ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်းများ၊ အားကစားရုံများ အသင့်အနေအထား ပြီးစီးနေပြီ ဖြစ်ကြောင်း၊ တည်းခိုမည့် အားကစားရွာမှာလည်း မကြာမီ ဖွင့်လှစ် တော့မည် ဖြစ်ကြောင်း သိရသည်။

Read 1140 times Last modified on Thursday, 03 October 2013 01:58